Wednesday, July 16, 2014

ရှမ်းပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် SSPP/SSA တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ လုံခြုံမှုမရှိ၍ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း

(Eleven Media Group)


ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ဝမ်ဝပ်ကျေးရွာ တာဖာဆောင်တံတားတွင် တပ်မတော်စစ်ကြောင်းများနှင့် SSPP/SSA တို့၏ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူများမှာ လုံခြုံမှုမရှိသည့်အတွက် နီးစပ်ရာ ဝမ်ဝပ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသောကြောင့် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။


အရေးကြီးအဆိုအား ရှမ်းပြည်နယ် ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက နေပြည်တော်တွင် ဇူလိုင် ၁၅ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။



စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများသည် မိမိ၏ရွာတွင် လုံခြုံမှုမရှိတော့သဖြင့် စစ်ဘေးရှောင်ပြည်သူများအဖြစ် စားဝတ်နေရေး အခက်အခဲ၊ ကျန်းမာရေး အခက်အခဲ၊ ပညာရေး အခက်အခဲနှင့် စိုက်ပျိုးရာသီကာလ ဖြစ်သည်နှင့်အညီ စိုက်ပျိုးလုပ်ကိုင်ရန် အခက်အခဲဒုက္ခ အမျိုးမျိုး ကြုံတွေ့နေရ၍ နီးစပ်ရာ ဝမ်ဝပ်ဘုန်းကြီးကျောင်းသို့ သွားရောက်ခိုလှုံနေရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက ဆိုသည်။


ထိုသို့ စစ်ရေးလှုပ်ရှားမှုများကြောင့် ဝမ်ဝပ်ကျေးရွာအုပ်စု တာဖာဆောင်တံတား ပတ်ဝန်းကျင်ရှိ ဝမ်ဝပ်၊ ဖာဆောင်၊ ငူးလိန်၊ လွယ်ခေါ်ကျေးရွာများရှိ ဒေသခံ စစ်ဘေးရှောင်ဒုက္ခသည် ၂ဝဝ ကျော်နှင့် ရဟန်းသံဃာတော် ၅၂ ပါးအထိ ရှိနေပြီးဖြစ်သည့်အတွက် စစ်ရေးလှုပ်ရှားမှုမှာ ကာလရှည်ကြာသွားလျှင် စားဝတ်နေရေး အခက်အခဲ ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။


အရေးကြီးအဆိုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဝမ်ဝပ်ကျေးရွာအုပ်စု နယ်မြေသည် အစိုးရတပ်မတော် စစ်ကြောင်းများ နယ်မြေစိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် နယ်မြေဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


SSA ဝမ်ဟိုင်းအဖွဲ့နှင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက် တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သည့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ နှစ်ဦးနှစ်ဖက် သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်သွားမည်ဟူသောအချက်ကို လိုက်နာမှုမရှိကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။


ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကျော်ညွန့်က “လောလောဆယ် စစ်ရေးနည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းခြင်း မရှိသေးဘဲ သတ်မှတ်ထားသည့် နေရာများသို့ ပြန်လည်ဆုတ်ခွာပေးရန် အကြောင်းကြားပြီး ဖြစ်သည့်အပြင် လုံလောက်သည့် အချိန်ကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ ၎င်းတို့၏ သတ်မှတ်နေရာတွင် ပြန်လည်နေထိုင်ပြီး သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ပါက စစ်ရေးလှုပ်ရှားမှုကြောင့် အခက်အခဲ ရောက်နေကြသော ဒေသခံရွာသားများ အနေဖြင့် သက်ဆိုင်ရာ ကျေးရွာများသို့ အချိန်မရွေး ပြန်လည်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်” ဟုဆိုသည်။


အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးခဲ့သည့် ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ကျောင်းသား၊ ကျောင်းသူများ ပညာရေးကဏ္ဍတွင် ထိခိုက်နစ်နာနေပါတယ်။ ဝမ်ဝပ်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားဝတ်နေရေး အကူအညီ အရေးတကြီး လိုအပ်နေပါတယ်။ နေရပ်ကို အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး အမြန်ဆုံးလုပ်ပေးရန် လိုအပ်နေပါတယ်” ဟု ပြောကြားသည်။


ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ရှိ တာဖာဆောင်ဒေသတွင် မြန်မာ့တပ်မတော် စစ်ကြောင်းများနှင့် SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်) တို့၏ စစ်ရေးလှုပ်ရှားမှုများသည် ဇွန် ၂၆ ရက်မှ ယနေ့အထိ ဖြစ်ပွားနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောကြားသည်။


၎င်းအရေးကြီးအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုကဲ့သို့ဖြစ်စဉ်မျိုး ကြားသိရသည့်အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း၊ ဒေါ်နန်းဝါနုအနေဖြင့် ဆွေးနွေးရာတွင် တော်လှန်ရေးတပ်များဆိုသည့် စကားရပ်အစား လက်နက်ကိုင်တပ်များဟု သုံးနှုန်းသင့်ကြောင်း ပြောကြားသည်။


ထို့နောက် အဆိုကို လွှတ်တော်ဆုံးဖြတ်ချက်အရ မှတ်တမ်းတင်ခဲ့ပြီး အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ လွှတ်တော်မှ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။