Friday, November 22, 2013

ပြည်တွင်း နိုင်ငံရေးပါတီများနှင့် RCSS/SSA တို့ ချင်းမိုင်တွင် သီးသန့် တွေ့ဆုံမည်

(Mizzima)

ပြည်တွင်း နိုင်ငံရေးပါတီများနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ နိုဝင်ဘာ၂၂ရက်တွင် သီးသန့်တွေ့ဆုံမည်ဟု RCSS/SSA ၏ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်းဆိုင်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးမည့်အကြောင်းအရာကို အသေးစိတ် ချမှတ်ထားခြင်းမရှိသော်လည်း တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်ရေးဆွဲနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး စ သည့်အချက်များကို ဆွေးနွေးရန်ရှိသည်ဟု ပြောသည်။


ပြည်တွင်း နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်များ နိုဝင်ဘာ ၂၂ ချင်းမိုင်မြို့တွင် ဆွေးနွေးကြမည်ဖြစ်ရာ UNFC အဖွဲ့ဝင်မဟုတ်သည့် RCSS/SSA ကလည်း သီးသန့်တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ၂၂ ရက် နေ့လယ်ပိုင်းမှာ သီးသန့်တွေ့မယ်လို့ စီစဉ်ထားတယ်”ဟု ဗိုလ်မှူးစိုင်းလောင်း ဆိုင်က ပြောသည်။ ထိုတွေ့ဆုံပွဲတက်ရောက်ရန်အတွက် RCSS/SSA မှ ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင် သည့် ကိုယ်စားလှယ်ရှစ်ဦး နိုဝင်ဘာ ၂၀ ရက်ကတည်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

တွေ့ဆုံပွဲကို မြန်မာ့ငြိမ်းချမ်းရေးဂေဟာက စီစဉ်ခြင်းဖြစ်ကာ ၁၉၆၂ နောက်ပိုင်းတွင် ပထမဆုံး စီစဉ်နိုင် ခဲ့ခြင်းဟု ငြိမ်းချမ်းရေးဂေဟာ၏ အကြီးတန်းအရာရှိ ဦးညိုအုန်းမြင့်က ပြောသည်။

“ဒါက သမိုင်းတစ်လျှောက်လုံးမှာလည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး လုပ် တယ်။ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အခါမှာ အားလုံး ပါဝင်နိုင်တဲ့ ပြည်တွင်းပြည်ပ တွေ့ဆုံဆွေး နွေးမှုမျိုး သမ္မတကြီးက လမ်းညွှန်ထားတဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ အချင်းချင်း အမြင်ဖလှယ်နိုင်အောင် စီစဉ်ပေးခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအ၀င် UNFC အဖွဲ့ဝင်ဖြစ်သည့်တိုင်းရင်းသား လက်နက်ကိုင် များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန် မာ)၊ ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်း ရေးပါတီတို့မှ ခေါင်းဆောင်များသာမက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထမ် ခပ်တို့လည်း တက်ရောက်ကြမည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။