Thursday, November 7, 2013

သမိုင်းဝင်ပင်လုံတွင် ရွှေရတု မဟာဘုံကထိန်ပွဲတော် အထူးကျင်းပရန်စီစဉ်နေ



သျှမ်းပြည်တောင်ပိုင်း  လွိုင်လင်ခရိုင်ပင်လုံမြို့နယ်တွင်   နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အဖြစ် မြို့လုံးကျွတ် မဟာဘုံကထိန် ရွှေရတုပွဲ တော်ကို  သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိပိဋိကတ်စာသင်တိုက်၌် ကျင်းပမည်ဟု သတင်းရရှိသည်။

ပင်လုံရွှေရတုကထိန်ပွဲတော်ကို နိုဝင်ဘာ ၁၅-၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး  ရှမ်းရိုးရာ  ယဉ်ကျေးမှုသိုးနယားအက နှင့် ကိန္ဒရာ အက များအပြင်  ပင်လုံမြို့အတွင်း   မှီတင်းနေထိုင်ကြသော  တိုင်းရင်းသားပေါင်းစုံတို့၏  ယဉ်ကျေးမှု  အကပဒေသာများဖြင့်ကပြဖျော်ဖြေမည့် အစီအစဉ်ရှိကြောင်းလည်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဦးစိုင်းဆန်ဖေက ပြောသည်။


“ လမ်းကြောင်းတစ်လျှောက် သာသနာ့အထိမ်းအမှတ်  အလံ စီတန်း စိုက်ထူမယ်။ ပဒေသာပင်အလှ၊  ထင်းရှုးမီးအလှ၊  ညပဒေ သာ မီးအလှ၊  မီးပုံးပျံ အလှတွေကို  ပြိုင်ပွဲစနစ်နဲ့ ပထမ၊  ဒုတိယ၊  တတိယနဲ့  အထူးဆုတွေကို  ချီးမြှင့်ပေးသွားမယ်” ဟု  ဦးစိုင်းဆန် ဖေက ပြောသည်။

ပွဲတော်ရက်မတိုင်မီ  ၁ ပတ်၊ ၂ ပတ်  အတွင်း   ကျောင်းသား /သူများ၊  ဒေသခံပြည်သူများသည်  အဖွဲ့လိုက်စုစည်းပြီး မြို့တွင်းလှည့်ကာအိုးစည်သံ၊  ဒိုးပတ်သံဖြင့်  အလှူခံ  ထွက်ကြသည်။

တန်ဆောင်မုန်းလဆန်း ၁၄  ရက်  ညနေပိုင်း  မိမိတို့၏  ပဒေသာပင်  အသီးသီးကို  မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်ဝန်း အတွင်းသို့ သွားရောက်စုစည်းထားကြသည်။

ယခုနှစ်တွင် ကျင်းပမည့် ရွှေရတုပွဲတော်၌ နိုဝင်ဘာလ (၁၅) ရက်နေ့ (တန်ဆောင်မုန်းလဆန်း  ၁၃ ရက်) ညတွင် သျှမ်းရိုးရာ  မသိုး သင်္ကန်းများ   ယက်လုပ်၍  မြတ်စွာဘုရား အား ပူဇော် လှူဒါန်းခြင်းအစီအစဉ်ပါဝင်မည်ဖြစ်သည်။

နိုဝင်ဘာလ ၁၆ ရက် (တန်ဆောင်မုန်းလဆန်း  ၁၄ ရက်) နေ့ နေ့လည်ပိုင်းတွင် ပင်လုံမြို့ မြို့မဘောလုံးကွင်းအတွင်း၌ 
ပျော်ပွဲရွင်ပွဲများ ၊ ခြင်းဝိုင်းအလှခတ်ပြုခြင်း၊  မူလတန်းအရွယ်  ကျောင်းသူ/သားများ  ဖိတ်ခေါ်၍အပြေးပြိုင်ပွဲများ 
ကျင်းပပေးသွားမည် ဟုသတင်းရရှိသည်။

နိုဝင်ဘာလ  ၁၅ -၁၆  ရက်နေ့တို့တွင်  မီးပဒေသာအလှ  မီးပုံးပျံများဖြင့်  မြတ်စွာဘုရားအား  ပူဇော်လှူဒါန်း သွားမည်ဟုဆိုပါသည်။

“ရပ်ကွက် ၄ နေ  ပြည်သူတယောက်အနေနဲ့ အခုလို အလှည့်ကျ  ဦးဆောင်ကော်မတီ မှာတာဝန်ထမ်းဆောင်နေချိန်မှာ
နှစ်ငါးဆယ်ပြည့်မဟာဘုံကထိန်ပွဲနဲ့ ကြုံရတော့ ပိုပြီးစိတ်အား   ထက်သန်မိ ပါတယ်။ မြို့လုံးကျွတ်  စုပေါင်းမဟာဘုံကထိန် ပွဲတော်  သက်တမ်းမှာ နှစ်ငါးဆယ်ပြည့်  ရွှေရတု  ဖြစ်တာနဲ့အညီ  အဖက်ဖက်က  ပိုပြီးအားစိုက်  ဆောင်ရွက်ရတယ်” ဟု သျှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု   လူငယ်ခေါင်းဆောင်  စိုင်းဆု ကပြောသည်။

သမိုင်းဝင် ပင်လုံမြို့တွင်  ရပ်ကွက် ၄ ခုရှိပြီး ကထိန်ခင်းကျင်းပရန်အတွက် တစ်နှစ်လျှင် ရပ်ကွက်တစ်ခုစီက အလှည့်ကျ ဦးဆောင်ရသည်ဟုသိရပါသည်။

၁၉၆၃  ခုနှစ်မှစတင်၍ ပင်လုံမြို့တွင် မဟာဘုံကထိန်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာတွင် တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့တိုင်းတွင် ကထိန်လှည့်ပြီး သင်္ကန်းတစ်မျိုးတည်းသာ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပျော်ပွဲရွှင်ပွဲများကိုမူ ထည့်သွင်းကျင်းပခဲ့ခြင်းမရှိခဲ့ပါ။နှစ် ၅၀  ပြည့်မှသာ ရွှေရတု မဟာဘုံကထိန်ပွဲတော်အထိမ်းအမှတ်အဖြစ် ဖျော်ဖြေရေးအစီအစဉ်  ထည့်သွင်းခြင်းဖြစ်ကြောင်း ဦးစိုင်းဆန်ဖေက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။