Saturday, April 20, 2013

ရေပက်ခံထွက်လူငယ်များအား လုံခြုံရေးအတွက် မြန်မာစစ်ကြောင်းအသုံးပြု



သင်္ကြန်ရက်အတွင်း ရေကစား၍  ရွာသို့ပြန်လာသော တန့်ယန်းမြို့နယ်မှ လူငယ်များအား မြန်မာ စစ်တပ်က ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့်အတူ  ခေါ်ဆောင်သွားသည်ဟု အဖမ်းခံရသူများကပြန်လည်ပြောပြသည်။

စစ်ကြောင်းကြားညှပ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံများပုံ


“ သင်္ကြန်ရက်တွေတုန်းက မိုင်းကောဝ်ကနေ နမ့်ပန်ချောင်းမှာရေသွားဆော့လာတဲ့ လူတွေကို နမ့်လောင်းဝ်ဂိတ် အထိ သူတို့စစ်ကြောင်း လုံခြုံရေး အဖြစ် မြန်မာ့စစ်ကြောင်းက ဖမ်းခေါ်သွားတယ်။သျှမ်းတပ်ဘက်က သူတို့စစ်ကြောင်းကိုမပစ် အောင် စစ်ကြောင်းကြား ညှပ်ပြီး ခေါ်သွားတာ။  အဲဒီနေ့မှာဘဲ ဆိုင်ကယ်အစီး ၅၀ လောက် ရှိ မယ် အဖမ်းခံရတာ” ဟု ချောဆွဲခံရသူလူငယ်စိုင်းပီး ကပြောသည်။

တန့်ယန်းမြို့နယ် (မိုင်းရှူး-တန့်ယန်းကားလမ်းကြား)ရှိ မိုင်းကောင်ဝ်အုပ်စုအရှေ့ဘက် ဝမ့်မူးဆေးရွာမှ နမ့်လောင်းရွာအထိ ၎င်းတို့စစ်ကြောင်းအတွက် လုံခြုံရေးအဖြစ်လိုက်ခိုင်းကြောင်း နမ့်လောင်းဝ်၌ကိစ္စအပြီး မိုင်းကောင်ဝ်သို့ပြန်လိုက်ပို့ ခိုင်းပြီးမှ သာ အဆိုပါလူငယ်များအား ပြန်လွှတ်ပေးကြောင်း အဖမ်းခံရသူလူငယ်တဦး၏ဖခင် လုံးစိုင်းကလည်းပြောသည်။

အလားတူ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ကလည်း မိုင်းရှူး-တန့်ယန်းကားလမ်းမပေါ်တွင် ဗုံးတလုံးပေါက်ကွဲခဲ့သဖြင့် လူတဦးဒဏ်ရာရကာ တန့်ယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု တန့်ယန်းဒေသခံများပြောပြချက်အရသိရသည်။

ယခင်လက ရမခတိုင်းမှူးက တန့်ယန်း-မိုင်းရှူးကားလမ်းအရှေ့ဘက်ခြမ်းနှင့် သံလွင်မြစ်အနောက်ခြမ်း (သံလွင်မြစ်နှင့် ကားလမ်းကြား) အခြေစိုက် သျှမ်းပြည်တပ်မတော်၏ တပ်စခန်းများအားလုံး တပ်ဆုတ်ပေးရန်၊ မဟုတ်ပါက မိမိတို့မြန်မာ့ တပ်မတော်၏ နယ်မြေရှင်းလင်းရေးတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့နိုင်ပြီး တိုက်ပွဲများမလွဲမသွေ ဖြစ်ပွါးမည်ဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီအား သတိပေးပြောဆိုခဲ့သည်ဟုဆို၏။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။