Wednesday, April 3, 2013

ရှမ်းမြောက် စစ်ရေး တင်းမာမှုကို လားရှိုး ဆွေးနွေးပွဲက ဖြေရှင်း နိုင်မလား


ရွှေဟင်္သာသတင်းဌာန

ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နှင့် အစိုးရ တပ်များ အကြား စစ်ရေး တင်းမာမှု လျော့ချ နိုင်ရန် လာမည့် ဧပြီလ (၃) ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ရှမ်းပြည်နယ်၊ လားရှိုး မြို့၌ တွေ့ဆုံ ဆွေး နွေး ရန် ရှိသည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်မှ ဆိုပါသည်။

“ဒီဆွေးနွေးပွဲ မှာတော့ အဓိက တိုက်ပွဲ ကိစ္စကို တင်ပြ ဆွေးနွေး သွားဖို့ ရှိပါတယ်။ လောလောဆယ် ဖြစ်နေတဲ့ အခြေ အနေတွေပေါ့၊ စစ်ရေး တင်းမာ မှုတွေ ဖြစ်နေတဲ့ နေရာတွေ ညှိနှိုင်း မှာပေါ့၊ စစ်ရေး ထိန်းချုပ် နယ်မြေတွေ ညှိနှိုင်း ဆွေးနွေးဖို့ ရှိပါတယ်” ဟု SSPP/SSA အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလမှ ပြောသည်။

SSPP/SSA ဘက်မှ တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့အား အထွေထွေ အတွင်းရေးမှူး ဦးခွန်ဆိုင်မှ ဦးဆောင် ပြီး ကိုယ်စားလှယ် (၄) ဦးပါဝင်ဖွယ် ရှိပါသည်။ အစိုးရကိုယ်စားလှယ်များမှာမူ မသိရှိရ သေးကြောင်း ဆိုပါသည်။

ယခု ရက်သတ္တပတ် အတွင်း ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများ ငြိမ်သက် လျက် ရှိသော်လည်း လွယ်လန်းတောင်ကြော များပေါ်တွင် အခြေစိုက် ထားသည့် မိမိတို့ စခန်း များကိုမူ အစိုးရ တပ်ဘက်မှ လက်နက် ကြီး များဖြင့် ပစ်ခတ်လျှက် ရှိနေဆဲ ဖြစ်ကြောင်း ဆိုပါသည်။

ထို့ပြင် နှစ်ဖက် တပ်များကလည်း နီးနီး ကပ်ကပ် နေရာ ယူထား ကြဆဲ အနေအထား များ၌ ရှိနေ သဖြင့် စစ်ရေး အခြေ အနေမှာ စိုးရိမ် စရာ အနေ အထား ဖြစ်နေ ကြောင်း ဆိုပါသည်။

အစိုးရ၏ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ပြီးခဲ့သည့် ဖေဖော် ဝါရီ လလယ် ခန့်မှ စ၍ နှစ်ဖက် တပ်များ အကြား စစ်ရေး တင်းမာမှု အနေအထား စတင် ဖြစ်ပေါ် လာပြီး တန့်ယန်း မြို့နယ် တွင်းရှိ လွယ်လန်း၊ လွယ်စေး တောင်ကြော များတွင် တိုက်ပွဲများ ဖြစ်ပွား လာခဲ့ပါသည်။

လွယ်လန်း၊ လွယ်စေး တောင်ကြောများ ပေါ်ရှိ SSPP/SSA အခြေစိုက် စစ်စခန်း များသည် မိမိတို့ အပစ် အခတ် ရပ်စဲရေး မပြုလုပ်ခင် ကတည်း ကပင် အခြေချ စခန်း အဖြစ် ထားရှိကာ လှုပ်ရှားလာခဲ့သည့် စခန်းများ ဖြစ်သည်ဟု ပြောဆိုနေခဲ့ပြီး အစိုးရ တပ်များ ဘက်မှမူ အပစ် အခတ် ရပ်စဲရေး သဘော တူချက် ရယူပြီးနောက်ပိုင်းတွင် တိုးချဲ့ နေရာယူ ထားသည့် စခန်းများ ဖြစ်သည်ဟု အကြောင်းပြထားပါသည်။

ထို့ကြောင့် ၄င်းတိုးချဲ့ စခန်းများအား ဆုတ်ခွာ ပေးရန် လိုအပ်သည်ဟု အစိုးရမှ ပြောကြားခဲ့သော်လည်း SSPP/SSA မှ ဆုတ်ခွာ ပေးခြင်း မရှိခဲ့သဖြင့် အစိုးရမှ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးတိုက်ပွဲများ ဖြစ် ပွား နေရခြင်းဖြစ် သည်ဟု ဆိုပါသည်။

“အဲဒီ တပ်စခန်း တွေကနေ ဆုတ်ခွာ ဖို့တော့ ကျွှန်တော်တို့ သဘော ထား မရှိပါဘူး။ အဲလိုပဲ အဲဒီ ဒေသမှာ အစိုးရ တပ်တွေ ဝိုင်းထားတဲ့ အခြေအနေကနေ တပ်တွေ မဆုတ်ဘူး ဆိုတာဟာလည်း သူတို့က အဲဒီ နေရာ တွေကို ရချင်လို့ဘဲ ဖြစ်မယ်ဆိုတာ ကျွှန်တော်တို့ အဲလို သုံးသပ် ထားတယ်” ဟု ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

SSPP/SSA သည် တိုက်ပွဲ ဖြစ်ပွားနေခြင်းကို ဖြေရှင်းရန် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် အရှေ့ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးနှင့် သွားရောက် ညှိနှိုင်းရန် အရာရှိ သုံးဦးစေလွှတ် ခဲ့ပါသည်။ သို့သော်လည်း သဘော တူညီမှု မရခဲ့ပဲ ညှိနှိုင်းပြီး နောက်တနေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ ပါသည်။

ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/ SSA နှင့် အစိုးရ ငြိမ်းချမ်မှု ဖော်ဆောင်ရေး ကိုယ်စားလှယ် တို့အကြား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပါသည်။

သို့သော်လည်း ထို့ကဲ့သို့ အပစ်အခတ် ရပ်စဲ ထားသော်လည်း တိုက်ပွဲပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့သော်လည်း SSPP/SSA သည် အပစ်အခတ် ရပ်စဲ ရေးကို မပျက်ပြယ် စေလိုသောကြောင့် ပဋိပက္ခ များကို တွေ့ဆုံ ဆွေးနွေး ရေးဖြင့် အဖြေရှာရန် လိုလားလျက် ရှိနေ ပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။