Sunday, April 28, 2013

တပ်အင်အားတိုးချဲ့ကာ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ဒေသများသို့ ၀င်ရောက်နေ၍ ကြိမ်ဖန်များစွာ တိုက်ပွဲ ဖြစ်ပွားနေမှုများ အမြန်ဆုံး ရပ်တန့်ပေးရန် SSPP/SSA နှင့် SNLD တောင်းဆို

(Eleven Media Group)

စစ်တပ်အင်အား တိုးချဲ့ကာ တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ရာ ဒေသများသို့ ၀င်ရောက်နေသောကြောင့် လတ်တလော ထိတွေ့မှုများ ဖြစ်ပေါ်နေရကြောင်း ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့၏ ဧပြီ ၂၅ ရက် ပူးတွဲထုတ်ပြန်သော ၀မ်ဟိုင်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်အစိုးရမှ တည်ဆောက်လျက်ရှိသော ငြိမ်းချမ်းရေး ဖြစ်စဉ်များသည် ပိုမိုတိုးတက်ရန် လိုအပ်သည်ဟု ယူဆကြောင်း၊ အစိုးရမှ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်နေသလို အခြားတစ်ဖက်တွင်လည်း တပ်အင်အား တိုးချဲ့၍ တိုင်းရင်းသား အဖွဲ့များ ထိန်းချုပ်ဒေသများသို့ ၀င်ရောက်နေသောကြောင့် ထိတွေ့မှုများ ဖြစ်ပေါ်နေပြီး တစ်ဖက်နှင့်တစ်ဖက် သံသယ ဖြစ်ပေါ်ကာ ယုံကြည်မှု ပျက်ပြားစေကြောင်း၊ နေရာအနှံ့အပြားတွင် ကြိမ်ဖန်များစွာ ထိတွေ့မှုများ ဖြစ်ပေါ်နေမှုများကို အမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုကြောင်း ဖော်ပြပါရှိသည်။


ထို့ပြင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကို အင်အားသုံး ဖြေရှင်းသည့် လမ်းစဉ်အား ဖျက်သိမ်းကာ နိုင်ငံရေး စားပွဲဝိုင်းတွင် ဆွေးနွေး အဖြေရှာခြင်းကို ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းသည် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထောက်အကူ ပြုသည်ဟု ယုံကြည်ကြောင်းနှင့် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် တောင်းဆိုကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

ရှမ်းပြည်နယ် အတွင်းရှိ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားပြီး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း ထိတွေ့မှု အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ လတ်တလောတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလာသော တိုက်ပွဲများမှ တစ်ဆင့် ပြည်နယ်အနှံ့အပြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၀မ်ဟိုင်း ဌာနချုပ်မှ အမည်မဖော်လိုသူ ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲထားသော အဖွဲ့များနှင့် တပ်မတော်တို့အကြား မကြာခဏ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှုကြောင့် စစ်ရှောင်ဒုက္ခသည်များ ရှိနေပြီး တပ်မတော်ဘက်မှ စစ်ရေးအရှိန် မြှင့်လာနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပင် ဆက်လက်ပြောသည်။

အစိုးရနှင့် SSPP/SSA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအရ ရှမ်းပြည်နယ် အတွင်းရှိ SSPP/SSA တပ်များသည် သတ်မှတ် နေရာများတွင် နေထိုင်ရမည်ဖြစ်ပြီး နေရာရွှေ့ပြောင်းခြင်း မပြုရဟု ပါရှိကြောင်း၊ သို့သော် ယခုအခါတွင် SSPP/SSA တပ် အားလုံးနီးပါးကို ယခင်သဘောတူညီထား သကဲ့သို့ မူလနေရာများတွင် တပ်နေရာ ချထားမှုကို တပ်မတော်ဘက်မှ ရုပ်သိမ်းစေလိုသည့် သတင်းများ ထွက်ပေါ်လျက်ရှိပြီး နှစ်ဖက်သဘော တူညီချက်အရ တပ်များ ရုပ်သိမ်းရေး အတွက် တရားဝင် ပြောဆိုခွင့် မရှိသဖြင့် ယခုကဲ့သို့ ၀ါဒဖြန့်သည့်ပုံစံ သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

''လက်ရှိထောက်လှမ်းရရှိတဲ့ သတင်းတွေအရ တပ်မတော်က ရှမ်းပြည်နယ် အနှံ့အပြားမှာ စစ်ဆင်ရေးတွေလုပ်ဖို့ အစည်းအဝေး ဆုံးဖြတ်ချက် ထားတယ်လို့ သိရတယ်။ အပြင်မှာလည်း ကျွန်တော်တို့ တပ်တွေအားလုံး ၀မ်ဟိုင်းဌာနချုပ်မှာ စုစည်းပြီး နေသင့်တယ်။ အဲဒါမှ တပ်မတော်နဲ့ တိုက်ပွဲထိတွေ့မှု လျော့ပါးမယ်ဆိုပြီး တစ်ဖက်လှည့် သတင်းလွှင့်တာတွေ ရှိတယ်။ 
ကျွန်တော်တို့ နေရာအနှံ့မှာ ကွဲနေတဲ့တပ်တွေ ဌာနချုပ် တစ်ခုတည်းမှာ စုစည်းပြီး နေဖို့ဆိုတာ ရိက္ခာကိစ္စတွေလည်း ရှိသေးတယ်ဆိုတော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ ကျွန်တော်တို့တပ်တွေ ဒီအတိုင်း ဆက်ရှိနေမယ် ဆိုရင် တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်'' ဟု SSPP/SSA ၀မ်ဟိုင်းဌာနချုပ်မှ အမည်မဖော်လိုသူ ထောက်လှမ်းရေး အရာရှိက ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ''SSPP/SSA ရယ် RCSS/SSA နဲ့ တပ်မတော်ကြားမှာ အပစ်အခတ် ရပ်စဲပြီးနောက် တိုက်ပွဲများစွာဖြစ်တယ်။ ဒါကိုလည်း သူတို့က သမ္မတဆီ စာရေးပို့တယ်လို့ ပြောတယ်။ ဒါပေမဲ့ သမ္မတကြီးကလည်း ဒီကိစ္စကို မရှင်းပေးနိုင်တဲ့ သဘောမျိုး ရှိနေတယ်။ ဒီလိုသာ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် ပိုဆိုးသွားမယ်လို့ ထင်တယ်။ တိုက်ပွဲပေါင်းလည်းများပြီ။ တပ်မတော်က တစ်ဖက်တပ်ကို ပြောင်းခိုင်းတဲ့ ပုံစံတွေ လုပ်နေတော့ ဟိုဘက်ကလည်း ကြာရင်တော့ သည်းမခံနိုင်ဘဲ လုပ်ကြမှာပဲ။ သန်းခေါင်စာရင်း ကောက်မယ်။ အာဆီယံဥက္ကဋ္ဌလည်း လုပ်ဦးမယ်။ ရွေးကောက်ပွဲလည်း လုပ်ဦးမယ်။ ဒီလိုစစ်ပွဲတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။ အတော်လေးကို သတိထားပြီး ကိုယ်တွယ်ရမယ်။ 
အင်အားသုံးပြီး တိုက်မယ်၊ ခိုက်မယ်ဆိုပြီး လုပ်လို့မရဘူး။ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေး သင့်တယ်လို့ ထင်တယ်။ အခုဟာက စကားပြောတာ တစ်ယောက် တိုက်တာ တစ်ယောက် ဖြစ်နေတယ်'' ဟု ပြောသည်။

တပ်မတော်နှင့် SSPP/SSA တပ်များအကြား လတ်တလောတွင် ၂၀၁၃ ခုနှစ် မတ် ၂၈ ရက်နှင့် ဧပြီ ၁၅ ရက်တို့တွင် တန့်ယန်းမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပေါ်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ သတင်းထုတ်ပြန်မှုများ၊ ကြေညာချက်များ ရှိနေသော်လည်း ကာကွယ်ရေး ၀န်ကြီးဌာနကမူ ထုတ်ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။