Wednesday, April 3, 2013

ဝ ပြည်နယ်ထူထောင်ခွင့်ပေးဖို့ လွှတ်တော်မှသာ အာဏာရှိကြောင်းဦးအောင်မင်းပြော


သျှမ်းသံတော်ဆင့်
 
လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မ တော်မှ တင်ပြတောင်းဆိုသည့် ၀ ပြည်နယ်ထူထောင် ခွင့်ပေးရန် အတွက် အာဏာမှာ လွှတ်တော်အတွင်း၌သာရှိကြောင်း ဦးအောင်မင်း က ပြောပါသည်။

“  ဆွေးနွေးပွဲဖွင့်ပွဲရက်မှာဘဲ ဝ ပြည်နယ်ကိုယ်စားလှယ်အဖြစ် တက် ရောက်တဲ့ သျှောင်းဆမ်ခွန်းရဲ့ ဝ ပြည်နယ် ထူထောင် ခွင့်ပေးဖို့ တောင်း ဆိုတဲ့ကိစ္စ။  ဖွင့်ပွဲပြီးဆုံးတော့ သျှောင်းဆမ်ခွန်းက ဦးအောင်မင်းနဲ့တွေ့ တယ်။ ဦးအောင်မင်းက သူ့ကိုပြော လိုက်တယ်။ ၀ ပြည်နယ် ပေးဖို့ကိစ္စ သူ့မှာ ဘာအာဏာမှ မရှိဘူး။  လွှတ်တော်ထဲမှာဘဲ ဆုံးဖြတ်ခွင့်အာဏာ ရှိတယ် လို့ပြောတယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ တဦးကပြော သည်။


သျှမ်းပြည်နယ် - ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ ၏ ပထမရက်ဖြစ်သော မတ်ခ်ျလ ၂၀ ရက်နေ့ ဖွင့်ပွဲအခမ်းအနား၌ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ၏ ကိုယ်စားလှယ်အဖြစ်တက် ရောက် သော UWSP / ဒုပြင်ပဆက်ဆံ ရေးမှူး သျှောင်းဆမ်ခွန်းက “  သီးခြား ၀ ပြည် ထူထောင်ဖို့ တောင်းဆို တယ်။ ၀ ဒေသကို လာ ရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြော ပြတယ် ။ ၁၉၉၃ ကတည်းက တောင်းဆိုလာ တယ်။  ဦးအောင်မင်း ပန်ဆန်း လာ တုန်းကလဲ  ပြောတယ်။  ၀ ပြည် မထူထောင်နိုင်သရွေ့ ဆက်ပြီးတောင်းဆိုသွားမယ် ” ဟု ပြောဆိုသည့်အပေါ် ဦးအောင် မင်း က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင်လည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သော စိုင်းလိတ်က- ၀ ပြည်နယ်တောင်းတယ် ဆို တာ သူ့မှာတောင်းပိုင်ခွင့်ရှိလို့တောင်းတာဘဲ။ ပေးမပေး ကိစ္စက  ကျနော်တို့ သျှမ်းပြည်ထဲမှာ ရှိနေတဲ့ အခြားတိုင်းရင်းသားတွေ တောင်မှ ဘာအခွင့်အရေးမှမရှိသေးတော့ ဘာမှဝေဖန်ချက်ပေးဖို့မရှိပါဘူး- ဟု သျှမ်းသံတော် ဆင့်အားပြောပြဖူးပါသည်။

ထို့အပြင် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ အတွင်းသို့လည်း  တခြားသော တိုင်းရင်းသားနယ်မြေများကဲ့သို့  မြန်မာ အစိုးရ၏ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ယန္တရား ချပေးရန်ဆန္ဒရှိကြောင်း    သျှောင်းဆမ်ခွန်းအား ဦးအောင်မင်းကပြောကြားသည်ဟုဆိုပါသည်။

သျှောင်းဆမ်းခွန်းဘက်မှ ဤကိစ္စ အထက်သို့ဆက်လက်တင်ပြသွား မည်ဟုဆိုပါသည်။

နောက်ဆုံးရရှိသော သတင်းအရ ယခင်က နိုင်ငံသားမှတ်ပုံတင်မရှိ သော ၀ အမျိုးသားများကို ၀ ပြင်ပဆက်ဆံရေးဌာနမှ လက်မှတ်ထုတ် ပေးလျှင်တန့်ယန်းကိုကျော်ဖြတ်၍ တိုင်းပြည်အနှံ့ သွားနိုင်ခဲ့ကြောင်း၊ သို့သော်ပြီးခဲ့သည့် အပတ်မှစ၍ မြန်မာအာဏာပိုင်များက ပြင်ပဆက် ဆံရေးဌာနလက်မှတ်ကိုင်ဆောင်သူများဖြတ်သွားခွင့်အား ပိတ်ပင်ခဲ့ ကြောင်း ကြားသိရပါသည်။

မတ်ခ်ျလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ ပရူနိုင်း နိုင်ငံ တို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက် သည် ဟု သိရှိရပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။