Tuesday, April 9, 2013

ပြည်သူ့ စစ်ပိုင် ဘိန်းချက် စခန်း ကို TNLA ၀င်ရောက် တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)


တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ တို့သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ပန်းဆေး ဒေသရှိ  ဘိန်းချက် စခန်း ၂ ခုကို ယမာန်နေ့ နံနက်ပိုင်း အချိန်တွင် သွားရောက် တိုက်ခိုက် ဖျက် ဆီးခဲ့သည်ဟု အဖွဲ့၏ ဗဟို ကော်မတီဝင် တစ်ဦးက ပြောပါသည်။
 “အဲဒီ စခန်းကို ပိုင်တာက ပန်းဆေး ပြည်သူ့ စစ်တွေရဲ့ ဘိန်းချက် စခန်း ပေါ့ဗျာ။ အဲဒါကို သွားပြီး တိုက်ခိုက် ဖျက်ဆီး လိုက် တာပါ။ ဘိန်းတချို့နဲ့ ဘိန်းချက် ပစ္စည်းတွေ ကားတွေ မီးရှို့ ဖျက်ဆီး နိုင်ခဲ့တယ်” ဟု ဆိုပါသည်။

ယင်း စခန်းသည် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အရှေ့ တောင်ဘက် ၁၅ မိုင်ခန့်  အကွာရှိ ပန်းဆေး ဒေသ ဝါယော့ တောင် ကုန်း ပေါ်ရှိ ဘိန်းချက်စခန်း ၂ ခုဖြစ်ပြီး ယမာန်နေ့ နံနက် ၄ နာရီအချိန်တွင် TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့များက ၂ နာရီခန့် ကြား သွားရောက် တိုက်ခိုက် ဖျက်ဆီး လိုက်ခြင်း ဖြစ်သည်။
ဖျက်ဆီး လိုက်သည့် ပစ္စည်း များမှာ စခန်းနှင့် စခန်း အတွင်းရှိ ဘိန်းချက်သည့် စက်ပစ္စည်းများ၊ ယာဘ စိတ်ကြွဆေး တချို့၊ ဘိန်းမဲများ၊ ဘူဒိုဇာ ကားတစ်စ်ီး၊ ဘက်ဖိုး ကားတစ်စီးနှင့် အခြား ပစ္စည်းတင် ကားတချို့ကို တအာင်းတပ်ဖွဲ့ တို့က မီးရှို့ ဖျက်ဆီးခဲ့ ကြောင်း၊ တိုက်ပွဲကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှုများ မသိရှိ ရသေးကြောင်း  ဆိုပါသည်။
ပန်းဆေး ဒေသ တလျှောက်၌ တောင်တန်းကြီး (၅) ခု ရှိပြီး အစိုးရ၏ ခလရ ၁၄၄ တပ်ဖွဲ့များ၊ ပန်းဆေး ပြည်သူ့ စစ်များ၊ မန်ပူး ပြည်သူ့ စစ်နှင့် မိုင်းဝီ ပြည်သူ့ စစ်တို့ဖြင့် ထူထပ်စွာ တပ်စွဲ ထားခဲ့သည်။ ယင်းတောင်ကုန်း ပေါ်တွင် မြန်မာ နိုင်ငံသား တရုတ် လူမျိုးနှင့် တရုတ် နိုင်ငံမှ တရုတ် သူဌေးများသည် ဒေသခံ အာဏာပိုင်း များနှင့် ပူးပေါင်းပြီး ဘိန်းခင်း များကို စီးပွား ဖြစ် စိုက်ပျိုး ခဲ့ကြသည်ဟု ဘိန်းစိုက်ပျိုးသူ တောင်သူ ဒေသခံ တစ်ဦးကပြောပါသည်။
“ တိုက်ပွဲ ဖြစ်တဲ့ အဲဒီနေရာက စစ်တပ်စခန်း မဟုတ်ဘူး။ ဘိန်းချက် စခန်း ဖြစ်တယ်။ WY စိန်ကမ္ဘာ တံဆိပ် စိတ်ကြွ ဆေး တွေကိုလည်း အဲဒီကုန်း ပေါ်က နေဘဲ လုပ်ပါတယ်။ လုပ်နေတဲ့ လူတွေ ကတော့ တရုတ် လူမျိုးရယ်၊  အစိုးရရဲ့ ပြည်နယ် လွှတ်တော် အမတ် ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်ရယ် ဦးဆောင်ပြီး လုပ်နေတယ်” လို့ ဆိုပါသည်။
၎င်းတို့ စိုက်ခင်း တွင်လည်း တအာင်း ပြည်သူ များကသာ အလုပ်သမား အဖြစ် သွားရောက် လုပ်ကိုင် နေကြပြီး ၄င်းတို့၏ လုပ် အားခကိုလည်း အများအားဖြင့် ပိုက်ဆံ မရကြပေ၊ ဘိန်းစိမ်းများ ယာဘ စိတ်ကြွဆေးများ၊ ဘိန်းဖြူ များသာ ပေးကြ သည်ဟု ဘိန်းခြံ လုပ်သား တစ်ဦးက ဆိုပါသည်။
ယင်းဒေသသည် အစိုးရမှ ဖွဲ့စည်း ပေးထားသော ပန်းဆေး ပြည်သူ့စစ် များက တရားဝင် ခွင့်ပြု ချက်ဖြင့် ဘိန်းများ စိုက်ပျိုးထုတ် လုပ်သည့် ဒေသဖြစ်သလို တအာင်း ပြည်သူ များကလည်း ၄င်းတို့ မှတဆင့် ဘိန်းခွန် ဆောင်ပြီး ဘိန်းများ စိုက်ပျိုး နေသည့် ဒေသလည်း ဖြစ်ပါသည်။
အင်အား တစ်ထောင်ခန့် ရှိသည့် ပန်းဆေး ပြည်သူ့စစ် တပ်ဖွဲ့ကို ၁၉၉၈ ခုနှစ်က စတင်ဖွဲ့စည်းကာ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ နမ့်ခမ်းမြို့နယ် ကြံခိုင်ရေး ပါတီ အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် အမတ် ဦးကျော်မြင့်က ဦးဆောင် ခဲ့ပါသည်။
၎င်းပန်းဆေး ပြည်သူ့ စစ်တို့သည် ယခင်က မြန်မာ အစိုးရထံ ခူလုံလီဆူး လူမျိုးဟု ဆိုကာ မြန်မာနိုင်ငံ တိုင်းရင်းသား အဖြစ် ခံယူပြီး နိုင်ငံသား မှတ်ပုံတင်များ ကိုင်ဆောင် ထားသော တရုတ် လူမျိုးများ ဖြစ်ပါသည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် ( PSLA) သည် ၁၉၉၁ ခုနှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အစိုးရ တပ်ဖွဲ့တို့က PSLA ဗဟို ဌာနချုပ် စခန်းကို လာဝိုင်းပြီး အတင်း လက်နက်ချ ဖျက်သိမ်း ခိုင်း ခဲ့သည် ဟု တအာင်း ဗဟို ကော်မတီက ဆိုပါသည်။
ဤသို့ကြောင့် တအာင်း ဒေသတွင် တအာင်း လူငယ်များ၏ ၈၀ ရာခိုင် နှုန်းသည် ဘိန်းစွဲ ဘဝသို့ ကျရောက်ခဲ့ ရသဖြင့် ဘိန်း အကြီးကျယ် စိုက်ပျိုး လာသော ဒေသ တစ်ခု အသွင်သို့ ဖြစ်လာ ခဲ့ကြောင်း၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော  တအာင်း လူငယ်အဖွဲ့ အစီရင် ခံစာ တစ်စောင်က ဆိုပါသည်။
ယင်းတို့ကြောင့် ၁၉၉၃ ခုနှစ်တွင် အသစ် ပြန်လည် ဖွဲ့စည်း ခဲ့သည့် တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ( PSLF) အဖွဲ့သည် ၂၀၁၁ ခုနှစ်၌ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ကို ဖွဲ့စည်း ခဲ့ပါသည်။ ဤကဲ့သို့ TNLA တပ်ဖွဲ့ကို ဖွဲ့စည်း လာနိုင်ခဲ့သဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး တအာင်း နယ်မြေ အတွင်းသို့ ဝင်ရောက် လှုပ်ရှားကာ ဘိန်း တိုက်ဖျက်ရေး အစီ အစဉ်များ ပြုလုပ် နိုင်ခဲ့သည်ဟု ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။