Saturday, April 20, 2013

တိုက်ပွဲကာလ ရွာသူလေးများ မုဒိန်းကျင့်ခံရ-တိုက်ပွဲလုံးဝရပ်တန့်ရေး သျှမ်းအမျိုးသမီးတောင်းဆို



တိုက်ပွဲဖြစ်ပွားသည့်ကာလအတွင်း ရွာသူနှင့်ကလေးငယ်များ မြန်မာစစ်တပ်၏ မုဒိန်းကျင့်ခံရမှုများ ရှိနေသဖြင့် ဖြစ်ပွါးနေဆဲ တိုက်ပွဲ လုံးဝ ရပ်တန့်ရေးအတွက် မြန်မာစစ်တပ်မှတိုးဖြည့်ချလာသော အင်အားများအားလုံး ပြန်လည်ရုပ်သိမ်းပေးရန် သျှမ်းအမျိုးသမီး ပူးပေါင်းဆောင်ရွက်ရေးအသင်းက တောင်းဆိုလိုက်ပါသည်။  

“ အရင်လတုန်းက တအာင်းအမျိုးသမီး ၃ ယောက်ကို သူတို့စစ်ကြောင်းနဲ့ ခေါ်သွားတဲ့ဆိုတဲ့ကိစ္စကိုလဲ ကျမတို့ဖုန်းဆက်မေး ကြည့် ပါသေးတယ်။ မြန်မာတပ်စခန်းမှာ ၃ ရက် အလုပ်သွားလုပ်ပေးရတယ်လို့ဘဲပြန်ဖြေတယ်။  အခြေအနေကြောင့် ပွင့်ပွင့်လင်းလင်းမဖြေရဲတာလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ ဒီအခု မတ်လ ၂၁ ရက်နဲ့ ဧပြီလ ၁၄ ရက် အမျိုးသမီး လေးတွေ မုဒိန်းကျင့်ခံရတယ်ဆိုတဲ့သတင်း တန့်ယန်းမြို့က ပေးပို့လာတာ ကျမတို့တွေ့ရ ကြားရပါတယ်” ဟု သျှမ်းအမျိုး သမီးပူးပေါင်းဆောင်ရွက်ရေးအသင်း (SWAN ) မှ ယိင်းဟန်ဖှ က ပြောပါသည်။


ထိုသို့ မုဒိန်းကျင့်မှုအပြင် ရွာသားများအားဖမ်းဆီးခေါ်ဆောင်မှု၊ ရိုက်နှက်စစ်ဆေးမှုများလည်း ယခုတခေါက်တိုက်ပွဲကာလ အတွင်း နေ့စဉ်ကြားနေရကြောင်း တန့်ယန်းမြို့ခံ စိုင်းနောင့်ကလည်း ပြောပြသည်။

ထို့ကြောင့် သျှမ်းအမျိုးသမီးများအဖွဲ့ (SWAN) အနေဖြင့် -  အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့တို့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး သဘောတူညီချက်လက်မှတ်ရေးထိုးထားသည့်အတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်သွားရန်၊ လူထုတရပ်လုံးမျှော်လင့် တောင့်တနေသည့် စစ်မှန်သောငြိမ်းချမ်းရေးဆီသို့အရောက်လျှောက်လှမ်းကြရန်၊ တိုက်ပွဲလုံးဝရပ်တန့်နိုင်ရေးအတွက် အင်အားတိုးဖြည့်ချလာသည့် မြန်မာစစ်တပ်မှ စစ်အင်အားများအားလုံး ပြန်လည်ရုပ်သိမ်းပေးရန် - တောင်းဆိုသည်ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် တိုက်ပွဲဖြစ်ပွားနေသည့်ဒေသအတွင်းမှ အသက် ၁၈ နှစ်အရွယ် ရွာသူ အမျိုးသမီး ငယ်နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး မုဒိန်းကျင့်ခံရမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

“ အသက် ၈ နှစ်ကလေးကိုလဲမချန်ဘူးဗျာ။ ဒီလ ၁၄ ရက် သင်္ကြန်မတိုင်မီကပေါ့။  မြန်မာ့တပ်မတော်က ခလရ ၁၇ တပ်သား ဌေးကျော် ။ ကလေးကိုချီပြီးအိပ်ခန်းထဲဝင်သွားတယ်။ ကလေးရဲ့မိဘကလာတွေ့လို့ အကူအညီအော်တောင်းမှ တပ်သား ကထွက် ပြေးတာ။နမ့်လန်မြို့ ဝမ့်လီ့ရွာကပါ။   နောက်တယောက် က ပြီးခဲ့တဲ့လကဖြစ်တယ်။ မတ်လ ၂၁ ရက် ခမရ ၅၁၃ ကပေါ့။   တပ်သားကျော်မောင် အသက် ၂၈ နှစ်။ မိုင်းအောတ်က နမ့်ပါလမ် ရွာမှာဖြစ်တယ်။ အသက် ၁၈ နှစ်ကလေး မလေးကို မုဒိန်းကျင့်တာ ” ဟု မိုင်းအောတ်အုပ်စုသားကပြောပြသည်။

အမျိုးသမီး၏မိဘများက ၎င်းတို့၏ ဗိုလ်မှူးထံတိုင်ကြားမည်ဟုပြောရာ တပ်သားကျော်မောင်မှာ အဆိုပါကလေးမ အား သားမှတ်မယားမှတ်ပေါင်းမည်ဖြစ်ကြောင်းပြောဆိုသည်ဟုဆို၏။

မိဘများက သဘောမတူသဖြင့် တပ်သားကျော်မောင်  ရွာအပြင်ဘက်သို့ထွက်ပြေးပြီး ရွာနှင့်ကိုက် ၂၀ ခန့်ရောက်သော် မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်စီရင်လိုက်ကြောင်း မိန်းခလေးနှင့်အမျိုးတော်စပ်သည့် မိုင်းရှူးဒေသခံများကပြောသည်။

မုဒိန်းကျင့်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သည်အထိဖြစ်ရသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မတော်အတွင်း၌လည်း မုဒိန်းမှုကို တင်းကြပ်တားမြစ်မှုရှိလားပုံရကြောင်း သျှမ်းအမျိုးသားတဦးကသုံးသပ်ပြောဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။