Friday, April 19, 2013

မှန်းချက်နှင့် နှမ်းထွက် မကိုက်သော KNPP နှင့် အစိုးရ ဆွေးနွေးပွဲ

(ရွှေဟင်္သာသတင်းဌာန)

ပြီးခဲ့သည့် ရက်ပိုင်းက ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဆက်ဆံ ရေးရုံး ကိုယ်စားလှယ်အား အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များမှ အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့မှုသည် KNPP တောင်းဆို နေသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မဟုတ်ကြောင်း KNPP အရာရှိ တဦးက ဆိုပါသည်။
“သူတို့ ဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီဝင် အဖွဲ့ တွေလို့ ပြောတယ်။ သူတို့က ကယားပြည်နယ် ကို လာလည် ရင်းနဲ့ ကျနော်တို့နဲ့ တွေ့ချင်တယ် ဆိုပြီး ဖိတ်ခေါ် လာတယ်။ အဲဒီ လွိုင်ကော် မှာ ရှိတဲ့ ကျနော်တို့ ဆက်ဆံရေး တာဝန်ခံ တွေနဲ့ သွားတွေ့ လိုက်တယ်” ဟု ဆိုပါသည်။

ယင်း အလွတ်သဘော ဆွေးနွေး ပွဲကို အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းကော်မီတီဝင်  ပြည် ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဦးခင် မောင် စိုး နှင့် ဦးဝင်းမြင့် ပါဝင်သော အဖွဲ့သည် ပြီးခဲ့သည့် ဧပြီ (၁၂) ရက်နေ့ တွင် ကယားပြည်နယ် အစိုးရရုံး အစည်း အဝေးခန်းမ၌ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှုးကြီ ထွန်းနိုင် ဦးဆောင် သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ဧပြီလ (၁၆) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာတွင် ဖေါ်ပြ ခဲ့ပါသည်။
အစိုးရ ကိုယ်စားလှယ် များသည် KNPP အတွက် ဆက်ဆံရေး ရုံးသစ် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှူ့ စစ်ဆေးခြင်း၊ ဒေသ ဖွံ့ဖြိုးရေး အတွက် နယ်စပ် ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးခြင်းနှင့် လျှပ်စစ်မီး တိုးတက် ရရှိရေး အစီအစဉ် များကို လာရောက် တင်ပြ ခဲ့ပါသည်။
KNPP ကိုယ်စားလှယ် များဖက် မှလည်း မိသားစု ၀င်များ စားဝတ် နေရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး
တရားဝင် စီးပွားရေးကို လမ်းကြောင်းမှန် အတိုင်း ခိုင်ခိုင် မာမာ ရရှိရေး၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ အမြန် ကျင်းပရေး အပါဝင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်ချက် ကြီးကြီးမားမား ရှိကြောင်း ပြန်လည် ဆွေးနွေး ခဲ့သည်ဟု မြန်မာ့ အလင်း သတင်းစာက ဆိုထား ပါသည်။
http://www.burmalibrary.org/show.php?cat=2466&lo=&sl=1
“သူတို့က ဒါတွေကို လုပ်မယ် ဆိုပြီး လာရောက်ချပြ သွားတာပါဘဲ။ အဲဒီ အလုပ် ဖြစ်လာရင် ကယားပြည်သူ လူထုအ တွက် အလုပ်အကိုင် ပေးဖို့ကို ကျနော် တို့နဲ့ ပူးပေါင်း ဆောင်ရွက် သွားဖို့ အဲဒီ ဆွေးနွေး ပွဲမှာ ကျနော်တို့ ဘက်က တောင်း ဆိုခဲ့တယ်။ ကျနော်တို့ တပ်မိသားစု အတွက် တောင်းဆို ခဲ့တာပါ ဆိုတဲ့ မြန်မာ့အလင်း သတင်း ဖော်ပြချက်က မဟုတ်မှန်ကြောင်း” KNPP အရာရှိက ဆိုပါသည်။
ဤသို့ကြောင့် KNPP သည် အဆိုပါ သတင်းစာပါ ဆွေးနွေးမှု ကိစ္စကို အလွတ်သဘော ဆွေးနွေးမှုဟု သဘောထားပြီး အပစ်အခတ် ရပ်စဲ ခဲ့စဉ် က အချက် ၂၀ ပါသော တောင်းဆို ချက်မှ မပြေလည် သေးသော အချက်များကို ထပ်မံ ဆွေးနွေးရန် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို ကျင်းပ ပေးဖို့ အစိုးရအား တောင်းဆို နေခဲ့ ပါသည်။
အစိုးရနှင့် မပြေလည် သေးသော အကြောင်း အရာ များမှာ  (၁) ကရင်နီ ပြည်အတွင်း စစ်ဆင်ရေးများ အားလုံးကို ရပ်ဆိုင်းရန်၊ (၂) တပ်ဖွဲ့၊ တပ်ရင်းနှင့် တပ်စခန်းများ ထပ်မံ တိုးချဲ့ခြင်း မပြုလုပ်ရန် နှင့် လူထုအား ဝန်ထုပ် ဝန်ပိုး ဖြစ်စေသည့် တပ်စခန်းများကို အပစ်အခတ် ရပ်စဲရေး သဘောတူညီ ပြီးသည့်နောက် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်ရုပ် သိမ်းပေး ရန်၊ (၃) ကရင်နီပြည် အတွင်း စစ်ရေး လေ့ကျင့်မှု များနှင့် ကျောင်းတည်ဆောက် မှုများကို ရပ်တန့် ထားရန် စသည့် အချက်များဖြစ်ပါသည်။
သို့သော် KNPP နှင့် အစိုးရတို့သည် အပစ်ခတ်ရပ်စဲရေး ပဏာမ လက်မှတ် ရေးထိုးခဲ့သည်မှာ တစ်နှစ်ကျော်ခန့် ရှိနေပြီး ဖြစ်သော်လည်း ရရှိ ထားသည့် သဘော တူညီချက် များကို အစိုးရ ဘက်မှ လိုက်နာ ဆောင်ရွက် ပေးခဲ့ခြင်း မရှိသေး သည့်အပြင် ထပ်မံ ဆွေးနွေးရမည့် ပြည်ထောင်စုအဆင့် တွေ့ဆုံ ဆွေးနွေးရေး ကိုလည်း  ဆိုင်ငံ့ ထားသလို ရှိနေကြောင်း KNPP ဖက်က ဆိုပါသည်။
KNPP သည် အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် တကြိမ် အပစ်အခတ် ရပ်စဲ ခဲ့ဘူးပါသည်။ ထိုအချိန်တွင် အချက် ၁၆ ချက်ဖြင့် သဘောတူ ခဲ့ကြ သော်လည်း ၃ လ ကြာပြီးနောက် ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပျက်ပြယ် ခဲ့ကြသည်။ ဒုတိယ အကြိမ် အဖြစ် ၂၀၁၂ခုနှစ်  မတ်လ ၇ ရက်နေ့တွင် ကရင်နီပြည် လွိုင်ကော်မြို့၌ ပဏာမ သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ယနေ့ အထိ ပြေလည်မှု မရရှိသေးကြောင်း KNPP ဖက်မှဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။