Tuesday, April 30, 2013

သျှမ်း/မြောက် ကျောက်မဲခရိုင်ဘက် အစိုးရတပ် ရိက္ခာ အင်အားတိုးချထား



 သျှမ်းပြည်မြောက်ပိုင်း   ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲရှိ တအာင်း တပ်စခန်းဟောင်းများတွင် အစိုးရတပ်က  ခြေကုပ်နေရာယူထားကာ စစ်အင်အားတိုးဖြည့်ချထား ကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ခလရ ၁၁၄၊၁၁၅၊ ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃ တို့ပေါ့။ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ခွန်ခါ အုပ်စု ခွန်ခါရွာဘက်မှာပါ။ အင်အား ၄၀၀ ထက်မနည်း တိုးချလာတယ်။ အရင်နေသွားတဲ့ TNLA တပ်စခန်းဟောင်းတွေမှာ ခြေကုပ်နေရာယူထား တယ်။ စခန်းပြင်တယ်။ကျင်းတူးတယ်။ ရိက္ခဖြည့်တယ်။ အဲလိုလုပ်လာတာ ၃-၄ လ ရှိနေပြီ။ ခုထိဘဲ ” ဟု မိုင်းငေါ့မြို့နယ်ခွဲမှ လယ်သမားတဦးကဆိုပါသည်။


နယ်မြေရှင်းလင်းအတွက် ဖြစ်နိုင်ချေရှိကြောင်း၊ ဆန်အိတ်များသယ်ဆောင်လာပြီး ကျေးရွာဉက္ကဌများအား  စခန်းတိုင်းသို့ သယ်ယူပို့ဆောင်ပေးရန် တာဝန်ယူခိုင်းကြောင်း ဆန်အိတ်သယ်ဆောင်ပေးရသူ ဒေသခံတဦးကပြောပါသည်။

“ စခန်းတခုကို ဆန်အိတ် ၃၀ စီပို့ခိုင်းတယ်။ ဥက္ကဌတွေက ပို့ပေးဖို့တာဝန်ယူရတယ်။ သူများတွေမေးရင်လဲ ဒါရပ်ရွာအတွက် ဝယ်လာတာလို့ပြောခိုင်းတယ်။ ဗမာစစ်တပ်အတွက် လို့မပြောရဘူးတဲ့” ဟု ဆန်အိတ်သယ်ဆောင်ပေးရသူက ဆိုပါသည်။

ထိုသို့ အင်အားတိုးချထားသည့်နောက်ပိုင်း ကျေးလက်ဒေသများတွင် ရွာသားများလွတ်လပ်စွာလယ်ယာမလုပ်ရဲခြင်း၊ အချိန် မတော်ခရီးသွားခြင်း မပြုရဲတော့သဖြင့် အခက်အခဲဖြစ်နေရကြောင်း ရွာသားတဦးဖြစ်သည့် စိုင်းဦးကပြောသည်။

“အထူးသဖြင့် ခွန်ခါရွာမှာပေါ့ဗျာ။ အရင်ကဆိုရင်ညနက်တဲ့အထိ ရွာသားတွေက အလုပ်လုပ်ကြတာ။ အခု ဗမာစစ်တပ် ရောက် လာပြီးနောက်ပိုင်းမှာတော့ ညနက်အထိ မီးခွက်ထွန်းဝိုင်းထိုင်စကားပြောတာတောင်မှ အိမ်ပေါ်တက်ပြီး စစ်လား ဆေးလားလုပ်တယ်။ တခြားကနေရွာပြန်တဲ့သူတောင်မှ ခေါ်စစ်တယ် အဲလိုလုပ်လာတော့ ရွာသားတွေက မြို့တက်သူတက်၊ တခြားကိုပြေးသူပြေး ကုန်ကြပြီ” ဟု ဆိုပါသည်။

ထိုဒေသတွင် တအာင်း TNLA ကချင် KIA နှင့် အပစ်ရပ်သျှမ်း SSPP/SSA ၊ RCSS/SSA တပ်တို့လည်းလှုပ်ရှားကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။