Thursday, April 11, 2013

ရှမ်းမြောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး SSA ဦးဆောင်လုပ်ကိုင်နေ

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စာရိတ္တပြုပြင်ရေးစခန်းများ ဆေးဖြတ်ရန် ဆေးရုံများ ဆောက်လုပ်ခြင်း လုပ်ငန်းများကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (RCSS/ SSA) တပ်ရင်း ၇၀၁ က ဦးစီး၍ ဆောင်ရွက် နေကြောင်း သိရသည်။

မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြည်သူများ ပါဝင်ရန် အရေးကြီးကြောင်း၊ ယခုအခါ ရှမ်းပြည်မြောက်ပိုင်းရှိ RCSS/SSA တပ်ရင်း ၇၀၁ ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးစွဲသည့် လူငယ်များ၏ စာရိတ္တ ပြုပြင်ရေး စခန်းနှင့် ဆေးစွဲသူများ ဆေးဖြတ်ရန် အတွက် ဆေးရုံကို တည်ဆောက် နေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကိုလည်း ရှေ့ဆက် တိုက်ဖျက် သွားမည် ဖြစ်ကြောင်း အဆိုပါ တပ်ရင်းမှ ဦးစ၀်ကမ့်ခေးက ဧရာဝတီသို့ ပြောသည်။


“အခုလောလောဆယ် နမ့်ခမ်းမြို့ နောင်မတာ ကျေးရွာမှာရှိတဲ့ ဆေးခန်းကတော့ မူးယစ်ဆေးဖြတ်ဖို့ အတွက် အထောက်အပံ့ ပေးပါတယ်။ ဒါပေမယ့် နောက်ထပ် စခန်းတွေ ဆေးရုံတွေ ဆက်ဆောက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ရှမ်းပြည်သူတွေ အားလုံ ပါဝင်တိုက်ဖျက်ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု စ၀်ကမ့်ခေးက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်းရှိ RCSS/SSA ထိန်းချုပ်သည့် တပ်ရင်း ၁၀၇ နယ်မြေ နောင်မတာ ကျေးရွာတွင် ဧပြီ ၇ ရက်နေ့က နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်းမြို့ များမှ ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများကို ယင်းနယ်မြေမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ၊ ရှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူ ၂၀၀ ကျော်၏ ရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“အခုလို မူးယစ်ဆေးဝါးတွေ မီးရှို့တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်တဲ့အချိန်မှာ နိုင်ငံတော်နဲ့ လက်တွဲပြီး လုပ်ရင်တော့ ပိုကောင်းမယ်၊ ပိုထိရောက်မယ်။ ဘိန်းဖြတ်ဖို့ ဆေးရုံတွေဆောက်နေ တာလည်း ကောင်းပါတယ်” ဟု နမ့်ခမ်း မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းကျော်က ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါး သုံးစွဲသူများသည် တနှစ်ထက် တနှစ် ပိုမိုတိုးလာကြောင်း၊ အမျိုးသမီးများလည်း သုံးစွဲမှု များ လာကြောင်း၊ မူးယစ်ဆေးဝါးကို လွဲမှားစွာ သုံးစွဲနေကြကြောင်း၊ ယခုအခါ မူးယစ်ဆေးဝါး တိုက်ဖျက်ရန် အတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူများပါ ပူးပေါင်း ပါဝင်ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။

“ရှမ်းပြည်မှာက အသက်ငယ်တဲ့ ကလေးတွေကအစ မူးယစ်ဆေးဝါးကို သုံးစွဲလာကြတယ်။ အရက်သောက်ရင် လူကြီးတွေ သိမှာစိုးလို့ ဆေးပြားတွေကို သုံးစွဲကြ တယ်။ ဆေးပြားတွေက ဈေးလည်း ပေါတယ်လေ” ဟု မူဆယ်မြို့တွင် နေထိုင်သည့် ဦးစိုင်းမြတ် က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးများကို ၀ယ်ယူရန် အလွန်ပင်လွယ်ကူကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ် နှိမ်နင်းနေသော် လည်း ရောင်းဝယ်သူ၊ သုံးစွဲသူများက နည်းမျိုးစုံဖြင့် လုပ်ဆောင် နေကြသောကြောင့် ဒေသခံ ပြည်သူများပါ ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

လူအများ အသုံးစွဲများပြား၍ အရောင်းသွက်နေသည့် ဆေးမှာ WY စာတမ်းပါသည့် ယာဘဆေးပြား အနီရောင် ဖြစ်ပြီး ဆေး တလုံးကို တရုတ်ယွမ်ငွေ ၁၀ ယွမ် (မြန်မာကျပ် ၇၀၀) ခန့်ရှိကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မူးယစ်ဆေး သုံးစွဲသည့် ပမာဏမှာ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း ဒေသခံ များက ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။