Monday, April 22, 2013

အစိုးရ တပ်ဖွဲ့များ SSPP/SSA အား ဆက်လက် တိုက်ခိုက်နေ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရတပ်များသည် ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်လန်း၊ လွယ်စေး တောင်တဝိုက်၌ လှုပ်ရှားနေသော ရှမ်း ပြည် တိုးတက်ရေး ပါတီ (SSPP/SSA) အား ယမာန်နေ့ အထိ တိုက်ခိုက်လျက် ရှိနေကြောင်း SSPP ၏ နိုင်ငံခြား ဆက်ဆံ ရေး တာဝန်ခံ ဗိုလ်မှုးကြီးဖိန်ဖ က ဆိုပါသည်။

“ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ လျှော့ချဖို့ အစိုးရနဲ့ တွေ့ခဲ့ကြတာ သိပ်မကြား သေးပါဘူး။ ကျနော်တို့ဘက်က တင်ပြချက်တွေကို သမ္မတဦးသိန်းစိန်ထံ တင်ပြပေးမယ် ဆိုပြီ အဆုံးသတ် ထားခဲ့တယ်။ ဒါပေမဲ့ အဲဒီ လွယ်လန်းနဲ့ လွယ်စေး တောင်တ ဝိုက်မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတာအခုထိပါဘဲ။ ပြီးတော့ စစ်တပ်နဲ့လဲ လာရောက်တိုက်ခိုက်နေတုန်းပါ။” ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့သည် SSPP/SSA အား လွယ်လန်းတောင်ကြောမှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ပါသည်။ သို့သော် SSPP က လည်း မည်သို့မှ ဆုတ်ခွာ၍ မဖြစ်နိုင်ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလ က ဆိုပါသည်။  


ဤပြသနာကို ပြေလည်စေရန် ကြိုးပမ်းသည့် အနေဖြင့် SSPP သည် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် အရာရှိ (၃) ဦး စေလွှတ်ကာ အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်ချုပ်အောင်စိုး နှင့် သွားရောက် ညှိနှိုင်းခဲ့သော်လည် ပြေလည်မှုများ မရှိ ဘဲ တိုက်ပွဲများသာ ဆက်လက် ဖြစ်ပွားနေခဲ့ပါသည်ဟု ဗိုလ်မှုးစိုင်းလ က ဆိုပါသည်။

ယင်းတွေ့ဆုံ ပွဲ အတွင်း၌ ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် နှင့် မိုင်းရှုးမြို့နယ် အကြားရှိ နယ်မြေများထံမှ ရှမ်းတပ်ဖွဲ့ များ ရှပ်သိမ်းပေးရန် တောင်းဆိုပြီး မရုတ်သိမ်းပေးပါက အထက် အမိန့်အရ နယ်မြေ စိုးမိုးရန် အတွက် တိုက်ခိုက်ရမည် ဖြစ်ကြောင်း တိုင်းမှုး ဗိုလ်ချုပ်အောင်စိုးက ပြောသွားခဲ့သည်ဟု ဆိုပါသည်။

“အဲဒီ စိုးမိုးကုန်း တွေကို အစိုးရတပ်ဖွဲ့ ထိန်းချုပ်လို့တဲ့ အဓိက ရည်ရွက်ချက်က လက်နက်ကြီးတွေ တပ်ဆင်ဖို့ အတွက် ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ဘက်ကလဲ ဆုတ်ခွားပေးဖို့ နေရာလဲမရှိတော့ဘူး ဆိုတော့ မဆုတ်ပေးဘဲ နေခဲ့တယ်။” ဟု ဆိုပါသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင်လည်း တိုက်ပွဲများ လျှော့ချရေးအတွက် အစိုးရ၏ ငြိမ်းချမ်း ရေး အဖွဲ့ဝင်တို့ နှင့် ရှမ်းပြည်နယ်၊ လာရှိုးမြို့၌  ထပ်မံ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြန်ပါသည်။ 

ဤကဲ့သို့ အစိုးရအဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံပြီး သမ္မတထံ စာရေး တင်ပြ ခဲ့သော်လည်း ထူးခြားမှု မရှိသည့် အပြင်  ဧပြီလ (၁၅) ရက်နေ့ နောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များသည် ယင်းလွယ်လန်း၊ လွယ်စေးတောင်ကြော တဝိုက်ရှိ ကျေးရွာ များကို လက်နက်ကြီးများဖြင့် စတင် ပစ်ခတ် ခဲ့ပြန်ပါသည်။

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ထဲမှာ မတ်လ၂၈ ရက်နေ့ ကတည်းက နှစ်ဘက်တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ နှစ်ကူး သင်္ကြန် ရက်တွေဖြစ်တဲ့ ဧပြီ ၁၅၊ ၁၆ ရက်တွေမှာလည်း အမြောက်တွေကိုပါ ထပ်မံအသုံး ပြုလာပြီး ကျေးရွာထဲကို ပစ်သွင်း လာတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ပြီး စစ်ဘေးရှောင်ဖို့ နေ့စဉ်လိုလို တန့်ယန်း မြို့ပေါ် ကိုတက်လာနေကြပါတယ်။” ဟုဆိုပါသည်။

အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးအဖွဲ့ကို အပစ်အခတ်လျှော့ချပြီး နောက်ပိုင်း SSPP နှင့် TNLA တို့်အား တိုးမြှင့် တိုက်ခိုက် လာခဲ့ပါသည်။ လွယ်လန်း တောင်ကြောသည် လက်နက်ကြီးအတွက် စိုးမိုးကုန်းဖြစ်သဖြင့် SSPP မှ ဆုတ်ခွာ၍ မ ဖြစ်နိုင်သလို ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အတွက်လည်း စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်လာနေ ပါသည်။ 

ရှမ်းပြည်  တိုးတက်ရေးပါတီ SSPP/ SSA နှင့်အစိုးရ ငြိမ်းချမ်မှု ဖော်ဆောင်ရေး ကိုယ်စားလှယ်တို့ အကြားပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြ သော်လည်း တိုက်ပွဲ ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။