Tuesday, April 30, 2013

ဗမာလူမျိုးများအားအဓမ္မမောင်းထုတ်နေမှုမဟုတ် မှန်ကြောင်း SSPP ပြော



SSPP/SSA သည်  သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်းနေထိုင် သည့် ဗမာ လူမျိုးများအား အတင်း အဓမ္မရွှေ့ပြောင်းခြင်း ဖမ်းဆီးခြင်း များ ပြုလုပ်နေသည်ဆိုသည့် Myanmar Online News ၏သတင်း မှာ မဟုတ်မှန်ကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA က ပြောပါသည်။

“ဗမာလူမျိုးတွေကို ကျနော်တို့ အဓိက ပစ်မှတ်ထားမောင်းထုတ်တယ်ဆိုတဲ့သတင်းမဟုတ်မှန်ပါဘူး။ ဒါပေ မယ့် မိုင်းရှူးမြို့နယ်အတွင်း ရေဦး/ရေထွက်အနီး ကျောက်တူးတာ၊ မိုင်းခွဲတာ၊ သစ်ခုတ်၊ ဝါးခုတ်တာတော့ ကျနော်တို့ ခွင့်မပြုဘူး။ ဘယ်လူမျိုးမဆို ကျနော်တို့တားမြစ်ပါတယ်။  ဒေသခံ တွေက အဲဒီရေထွက်တွေ၊ ချောင်းရေတွေကို စိုက်ပျိုးရေးအတွက်  အားကိုးနေတယ်လေ” - ဟု SSPP ပြောခွင့် ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။


ဧပြီ ၂၉ ရက် ၂၀၁၃ ရက်နေ့ထုတ် Myanmar Online News သတင်းစာမျက်နှာတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် လွယ်ဆောင်ထောက် မြောက်ဘက် ကျေးရွာ၌ ဗမာလူမျိုးများအား ၇ ရက် အတွင်း ပြောင်းရွှေ့ ရန်၊ မဟုတ်ပါက  အိမ်များအားမီးရှို့ဖျက်ဆီးပစ်မည် -- စသဖြင့် ရေးသားထားသည်။

“တခြားဒေသကနေ ကျောက်လာတူးတာတော့လက်ခံပါတယ်။ ဒါပေမယ့် ကျေးလက်ဒေသခံတွေရဲ့ နေထိုင်မှု ဘ၀ကိုတော့ အလေးထားရမှာပေါ့။ ငွေပေးတိုင်း အစိုးရကတော့ ကျောက်တူးခွင့်ပြုနေမှာဘဲ။ ကျောက်တူး နေတဲ့သူတွေ၊ ကျောက်ကျင်းအတွက် သစ်တွေ၊ ဝါးတွေ ခုတ်ရောင်းနေတဲ့သူတွေကောဘဲ ၊ သဘာဝအရင်း အမြစ် ထပ်မဖျက်ဆီးနိုင်အောင် ကျနော်တို့ ဒီ့ထက်ပိုမိုကြပ်မတ်သွားဦးမယ်။ ဒါကဗမာလူမျိုးတွေကို မုန်း တီး လို့ ပစ်မှတ် ထားပြီးလုပ်တာမဟုတ်ဘူး။ ဒေသခံတွေရဲ့ ဘ၀နေထိုင်မှုကို ကျူးကျော် ဖျက်ဆီးတဲ့ သူတိုင်း အတွက်ဖြစ် တယ်” - ဟု မိုင်းရှူးကျောက်တွင်းဒေသ SSPP တပ်မှူးတဦးက ပြောပါသည်။

လူမျိုးရေးပြဿနာဖြစ်ပွားလာစေရန် သွေးထိုးရေးသားမှုအား အထူးရှောင်ရှားရမည်ဖြစ်ကြောင်း၊ တဘက် သတင်း ဖတ်ရှုနားထောင်ခြင်းမပြုသင့်ကြောင်း၊ အစိုးရတပ်များ သျှမ်းပြည်တပ်မတော်နယ်မြေသို့ စစ်အင် အားဖြည့်တင်းနေသည့်အပေါ် နောက်ဆက်တွဲဖြစ်ရပ်များ ပိုမိုများပြားလာနိုင်သောကြောင့် ပိုမိုသတိထား ရမည် ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရသည် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားကြ၏။ သို့သော် ယနေ့တိုင် စစ်ရေးပြဿနာငြိမ်းသတ်နိုင်ခြင်းမရှိဘဲ ကျေးလက်လူထုလည်း နေရပ်မှ စွန့်ခွါနေရဆဲဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။