Friday, April 19, 2013

တအာင်း ဒုက္ခ သည်များ နေရပ်ရင်း ပြန်ပို့ရေး ကိစ္စ တိုက်ပွဲကြောင့် ဆိုင်းငံ့

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနှင့် သဘောတူ ထားသော တအာင်း (ပလောင်) ဒုက္ခ သည်များ နေရပ်ရင်း ပြန်ပို့ရေး ကိစ္စတွင် ၄င်းဒေသအား အစိုးရ ဖက်က ဆက်လက် စစ်ဆင် နေသေးသည့် အတွက် ဆိုင်းငံ့ ထားရ သည်ဟု တအာင်း အမျိုးသမီး အစည်းအရုံး တွဲဖက် အတွင်း ရေးမှူး လွေးပိုးငင် က ဆိုပါသည်။
“ သဘောတူ ထားတာ က ဧပြီလ (၁၁) ရက်နေ့မှာ အစမ်း ပို့ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်း မြို့နယ် လွယ်စေး တောင်တန်း ဒေသ မှာတော့ ကနေ့ အထိ အစိုးရနဲ့ SSPP/SSA တွေဟာ တိုက်ပွဲ ဖြစ်နေတုန်း ဆိုတော့ အစမ်း ပို့မယ်လို့ ပြောထား ပေမဲ့လည်း ရွာသား တွေက ဒီနေ့အထိ မပြန်ရဲ ကြဘူးလေ။ အတင်း အဓမ္မ ပြန်ခိုင်း လို့လည်း မဖြစ် ဘူးလေး။ တစ်ချို့ ကတော့ ပြန်ကြတာ ရှိပါတယ်။ သူတို့က ရွာကို ပြန်ကြတာ မဟုတ်ဘူး။ လုံခြုံမယ် ထင်တဲ့ တော၊ ခြံ၊ လယ် တွေမှာ တဲထိုးပြီး နေကြတယ်” ဟု ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ များ၏ စစ်ဆင်ရေး အခြေနေ များကြောင့် တန့်ယန်း မြို့နယ်ရှိ ကျေး ရွာ ပေါင်း (၁၀) ရွာ ကျော်မှ ခန့်မှန်း လူဦးရေ တထောင် ကျော်သည် ပြီးခဲ့သည့် မတ်လ ဆန်းမှ စပြီး မိမိ နေအိမ် များမှ ထွက်ပြေး တိမ်းရှောင် ခဲ့ကြပါသည်။ ဤအထဲမှ လူဦးရေ ၅၀၀ ခန့်သည် တန့်ယန်း မြို့ပေါ်သို့ သွားရောက် ခိုလှုံ ခဲ့ကြပြီး အများ စုမှာ နေရပ် အသီးသီးသို့ ခိုလှုံ နေကြ ရကြောင်း ဆိုပါသည်။
“စစ်ပြေး ဒုက္ခသည် အားလုံးကို လုံခြုံရေး အခြေ အနေကြောင့် စာရင်း လိုက်မကောက် နိုင်ခဲ့ ပါဘူး။ ခက်တာက ပလောင် တွေဟာ ကချင် တွေလို အစုလိုက် အပြုံလိုက် တစ်နေရာ တည်းကို ထွက်ပြေး ကြတာ မဟုတ်ဘူး။ မိမိတို့ လုံခြုံ စိတ်ချမယ် ထင်တဲ့ နေရာ တွေမှာ လိုက်နေ ကြတော့ လူတွေက ပျံ့နှံ့ သွားတော့ တာပဲ။ တန့်ယန်း ဒေသမှာ ဆိုရင် အများစု ကတော့ ပလောင်တွေပေါ့ ပြီးတော့ ကချင်၊ ရှမ်းတို့လည်း ပါတယ်လေ” ဟုဆိုပါသည်။

တအာင်း အမျိုးသမီး အစည်းအရုံး အဖွဲ့ Ta'ang Women's OgranizationTWO သည် တိုက်ပွဲကြောင့် ထွက်ပြေး လာကြသော တအာင်း ဒုက္ခသည် များအား တတ်နိုင်သမျှ ကူညီ စောင့်ရှောက် ပေးနေ ပါသည်။ ဤသို့ကြောင့် ထွက်ပြေး နေရသော ဒုက္ခသည်များ နေရပ်ရင်း ပြန်နိုင် ရေးကို ရှေ့ရှုပြီး  အစိုးရအား ပြီးခဲ့သည့် ဧပြီလ 10 ရက်နေ့တွင်   တိုင်းရင်းသား ဒေသ အတွင်း ထိုးစစ်ဆင် မှုများ၊ ချက်ချင်း ရပ်တန့် ပေးပြီး စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုများ အမြန် ပြုလုပ်ရန် တောင်းဆို ခဲ့ပါသည်။
တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) သည် စစ်ပြေး ဒုက္ခသည် များ၏ ဘ၀ လုံခြုံရေးကို ဖြေရှင်း ပေးနိုင်မည် မဟုတ်ကြောင်း ဖြေ ရှင်းမည် ဆိုလျှင်လည်း ခေတ္တသာ ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း၊ ဒုက္ခသည်များ နေရပ် ပြန်ရေး ကိစ္စသည် အစိုးရ၏ စစ်ဆင်ရေး အပေါ် ၌သာ မူတည် သည်ဟု ဆိုပါသည်။
TWO သည် စစ်ဘေးကြောင့် ထွက်ပြေး နေရသည့် ဒုက္ခသည် များအား ရိက္ခာနှင့် ငွေများ အထောက်ပံ့ ပေးခဲ့ သလို ရှမ်း လူငယ်များ အဖွဲ့အစည်း များကလည်း အကူအညီ ပေးနေ ပါသည်။ ယင်းဒေသသည် တောခေါင်သည့် နေရာ ဖြစ်၍ NGO အဖွဲ့များ အကူအညီ မပေးနိုင် ခဲ့ပေ။
တအာင်း(ပလောင်) ဒေသ ဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဆန် ဒေသတွင် တအာင်း အမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် ( KIA )နှင့် ရှမ်းပြည် တပ်မတော် (SSA) တို့ လှုပ်ရှား နေကြ ပါသည်။ အစိုးရ တပ်ဖွဲ့ များသည် ဤဒေသကို တပ်ရင်း (၁၀) ရင်း ကျော်ဖြင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းမှ စပြီး ယနေ့ အထိ စစ်ဆင် နေဆဲ ဖြစ်ပါသည်။ TNLA သည် တအာင်း တို့၏ အခြေခံ စီးပွားရေး ဖြစ်သည့် လဖက်ခူး ရာသီ၌ ဤဒေသ ထဲတွင် တိုက်ပွဲများ မဖြစ် စေလို သော်လည်း အစိုးရ ဖက်မှ စစ်ရေး အရ ပိုပြီး ဖိအားပေး နေခဲ့ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။