Wednesday, April 10, 2013

ရေစ တဖက် မီးမှုတ် တဖက် ငြိမ်းချမ်းရေး မူဝါဒဟု ပလောင် စွပ်စွဲ

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ နံနက် (၇) နာရီ ခွဲတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကျောက်မဲ အခြေစိုက် ခလရ (၅၀၂) တပ်ရင်းတို့ မန်တုံမြို့နယ် ခိုမုန်း ကျေးရွာ အနီးတွင် မိနစ် ၃၀ ခန့် အပြန်အလှန် ပတ်ခတ် တိုက်ခိုက် ခဲ့ကြ သည်ဟု TNLA အရာရှိ တဦးမှ ဆိုပါသည်။

'' ဟိုးအရင် PSLA လက်ထက် ကတည်းက ကျနော်တို့ ပလောင် တွေရဲ့ အရေကြီးချိန် ဖြစ်တဲ့ ဧပြီလ လက်ဖက် ရာသီ ရောက်ပြီ ဆိုရင် အစိုးရ တပ်က အမြဲတမ်း လိုလို စစ်ရေး ဖိအား ပေးနေ ခဲ့တယ် အခုလည်း ဒီအတိုင်းပဲ ကျနော် တို့ပြည် သူတွေ လက်ဖက် ကောင်းကောင်း မခူး နိုင်မှာ စိုးလို့ ကျနော်တို့ ဘက်က တတ်နိုင် သမျှ ရှောင်နေ ခဲ့တာသူတို့က အတင်းကို လိုက်ပြီးတော့ တိုက်ခိုက် နေတယ် ကျနော် တို့ရဲ့ လမ်းကြောင်း တွေကို လိုက်ပိတ် နေတယ်။ ဒီတော့ မတိုက်ဘဲ နေလို့ မရတော့တဲ့ အနေအထား ဖြစ်လာတယ်'' ဟု ဆိုပါသည်။


တိုက်ပွဲသည် ခိုမုန်း ရွာမှ ကျယ်ကောဝ် ရွာသို့ ချီတတ် လာသော ၅၀၂ တပ်ရင်းနှင့် TNLA ၄၇၈ တပ်ရင်းတို့ လမ်းတွင် ထိပ်တိုက် တွေ့ဆုံ ပစ်ခတ် ခဲ့ကြခြင်း ဖြစ်ပြီး အစိုးရ ဖက်မှ (၁၀) ဦးထက် မနည်း ပြင်းထန်သော ဒဏ်ရာဖြင့် ထမ်းပြန် ခဲ့ကြ သည်ဟု မျက်မြင် ရွာသား များက ဆိုပါသည်။

ယင်းခမရ (၅၀၂) တပ်ဖွဲ့သည် ပြီးခဲ့သည့် အပါတ် ကတည်းက ခိုးမုန်း ရွာ၌ စခန်းချ နေရာယူ ထားပြီး တအာင်း တပ်မတော် တို့၏ လမ်းကြောင်းကို ပိတ်ဆို့ ထားပါသည်။ သို့ကြောင့် လမ်းကြောင်း ရှင်းသည့် အနေဖြင့် အစိုးရတပ်မှ ကျယ်ကောဝ် ရွာသို့ ထွတ်ခွာ လာစဉ်တွင် တအာင်း တပ်မတော်မှ ဖြတ်တိုက် လိုက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

TNLA  သည် ပလောင် တို့၏ လဖက် ရာသီအတွင်း တိုက်ပွဲများ ထိမ်းသိမ်း ပေးကြရန် အောက်ခြေ တပ်များအား ပြီးခဲ့ သည့် မတ်လဆန်း ကတည်းက ညွန်ကြား ထားပြီး ဖြစ်ပါသည်။သို့သော် အစိုးရ တပ်ဖွဲ့ များသည် ဤဒေသခံ များ၏ အားနည်း ချက်ကို အခွင့်ကောင်း ယူပြီး စစ်ဆင်လေ့ ရှိသည်ဟု TNLA က ဆိုပါသည်။

TNLA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် ကမ်းလှမ်း လာသော အစိုးရ ငြိမ်းချမ်းရေး အဖွဲ့၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးချိန် ဖြစ်ပါသည်။ ဤအချိန် မျိုးတွင် အစိုးရသည် TNLA အား အဆက်မပြတ် စစ်ဆင် နေပါသည်။ ဤ သို့ကြောင့် ဤစစ်ဆင် ရေးသည်TNLA အား ဖိအား ပေးသော စစ်ဆင်ရေးမျိုး ဖြစ်နိုင်သလို၊ အစိုး ရ၏ ဒေသ ရှင်းလင်းရေး စီမံကိန်းလည်း ဖြစ်နိုင် သည်ဟု အကဲခတ် များက ဆိုပါသည်။

ထို့အပြင် TNLA သည် နမ့်ခမ်း မြို့နယ် ပန်းဆေး ဒေသရှိ  ဘိန်းချက် စခန်း ၂ ခုကို မကြာခင်က တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့ ပါသည်။ ဤဖျက်ဆီး မှုကို မကျေ နပ်သော စစ်ဆင်ရေး ဖြစ်နိုင် သလို တရုတ် ရေနံ ပိုက်လိုင်း လုံခြုံရေး၏ အစိတ်အပိုင်း တရပ်လည်း ဖြစ်နိုင်ကြောင်း အကဲခတ် များကဆိုကြပါသည်။

'' တော်တော့်ကို နားလည်ရ ခက်ပါတယ် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တဖက်မှာ ညှိနှိုင်း နေတဲ့ အချိန်မှာ အခုလို နေရာ အနှံ့ ကျနော်တို့ တပ်ဖွဲ့ကို စစ်ရေး အရ အပေါ်စီး ကနေ ပြီးတော့ ဖိအား ပေးနေတာ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်း ရေးမူဝါဒက ရေစ တဖက် မီးမှုတ် တဖက် ဖြစ်နေ သလိုပဲ'' ဟု PSLF/TNLA မှ ဗဟိုကော်မတီဝင် တစ်ဦးက ဆိုပါသည်။

TNLA သည် အစိုး ရနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်ရ သေးသည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ  ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပါသည်။ အစိုးရသည် UNFC အဖွဲ့ဝင် များနှင့် အပစ်အခတ် ရပ်စဲ ထားသည်ဟု ဆိုသော်လည်း တချို့ အဖွဲ့ကို ယနေ့အထိ အပစ် မရပ်ခဲ့ပေ။ အပစ်ရပ် ရန်လည်း သဘောထား မရှိကြောင်း UNFC အရာရှိ တဦးက ဆိုပါသည်။

TNLA သည် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် ခရိုင်နှင့် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နှင့် ကျောက်မဲ မြို့နယ် များတွင် လှုပ်ရှား နေပါသည်။ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွှဲ့ ကိုလည်း ၁၉၉၃ ခုနှစ်တွင် အသစ် ပြန်လည် ဖွဲ့စည်း ခဲ့သည့် တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး ( PSLF) အဖွဲ့မှ ၂၀၁၁ ခုနှစ်၌ ဖွဲ့စည်း ခဲ့သည့် နောက်ဆုံး တအာင်း တပ်မတော်လည်း ဖြစ်ပါသည်။ အင်အား တစ်ထောင်ကျော် ရှိသည်ဟု ခန့်မှန်း ရပြီး၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) အဖွဲ့ တို့နှင့် စစ်ရေး မဟာမိတ်လည်း ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။