Monday, May 6, 2013

သျှမ်း/အရှေ့ UWSA နယ်မြေထဲသို့ မြန်မာ့တပ်မတော်ခိုးဝင်



သျှမ်းပြည်အရှေ့ပိုင်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထိန်းချုပ်နယ်မြေထဲသို့မြန်မာ့တပ်မတော်မှ စစ်ကြောင်း တကြောင်း ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

ကျိုင်းတုံခရိုင် မိုင်းယန်း နှင့် မိုင်းခတ်မြို့နယ်အကြားပြမြေပုံ
 
“ မေလ ၃ ရက်နေ့က ဝင်လာတာ။ မိုင်းခတ်အခြေစိုက် ခလရ ၂၈၁ က အင်အား ၁၃ ယောက်ပါတဲ့အဖွဲ့ပေါ့။ နမ့်လွေချောင်း ကူးလာပြီး ကျနော်တို့ UWSA ရဲ့ တပ်မဟာ ၄၆၈ ထဲကိုဝင်လာတယ်။ ကျနော်တို့ ချက်ချင်းသတင်းကြားတာနဲ့ သွားဝိုင်းတာ သူတို့ကို မမိလိုက်ဘူး။ သူတို့ချောင်းကူးပြီးထွက်ပြေးကြတယ်။ ဘာကြောင့်ဝင်လာတာလဲတော့ မသိသေးဘူး” ဟု ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ တပ်မှူးတဦးကပြောသည်။

ကျိုင်းတုံခရိုင် မိုင်းယန်း နှင့် မိုင်းခတ်မြို့နယ်အကြား ဝမ့်နမ့်ဟုတ်အထက်ပိုင်း အခြေစိုက်သော မြန်မာစစ်တပ် ခလရ ၂၈၁ ပန်ကေးတပ်စခန်းမှ တပ်သားများဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

၎င်းတို့သည် မိုင်းယန်းမြို့အနောက်ဘက်ခြမ်း နမ့်လွေချောင်းတဘက်ခြမ်း တပ်မဟာ ၄၆၈ ထိန်းချုပ် ထမ့်မွန့်ဂူအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း မည်သည့်ရည်ရွယ်ချက်ဖြင့်လာသည်ကိုအတိအကျမသိရသော်လည်း - (၁) ဗျူဟာမှူး၏ စီမံကိန်းကြောင့် ၊ (၂)ရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များကို ရှာဖွေတောင်းယူလိုသောကြောင့်၊ (၃) ၀ တပ်ဖွဲ့၏ အခြေ စိုက်စခန်းများ တပ်များကိုလေ့လာလိုသောကြောင့် ဟု သုံးသပ်နိုင်ကြောင်း တပ်မဟာ ၄၆၈ မှ အရာရှိတဦးက သုံးသပ်ပြော ဆို ပါသည်။

သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နယ်မြေမှတဆင့် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်အားတိုက်ခိုက်ရန် မြန်မာ အစိုးရတပ် စစ်ရေးပြင်နေသည်ဟု သတင်းများထွက်ရှိသည့်အားလျော်စွာ  မြန်မာအစိုးရတပ်အားခုခံကာကွယ်ရန် ဝ တပ်ဖွဲ့ကလည်း တရုတ်အစိုးရထံ စစ်တိုက်ရဟတ်ယာဉ် ၅ စင်း ရရှိထားသည်ဟု Jane’s Intelligence မှ ဧပြီလ ၂၉ ရက်နေ့ တွင် သတင်းပေးပို့ခဲ့သည်။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။