Thursday, August 1, 2013

အစိုးရနှင့်ဆွေးနွေးပွဲ ငြိမ်းချမ်းရေး ခြေလှမ်းအစဟု ပလောင်တပ်ဦးပြော

 

နှစ်ဘက် အပစ်အခတ်ရပ်စနိုင်ရန်အတွက် သျှမ်းပြည် (မြောက်ပိုင်း) အခြေစိုက် ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရကိုယ်စားလှယ်များ ဇူလိုင်လ ၃၁ ရက်နေ့က မူစယ်မြို့၌ ပထမ ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ရာ အဆိုပါဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းအစဖြစ်ကြောင်း PSLF အထွေထွေ အတွင်း ရေးမှူး တာ့ဖုန်းကျော်က သျှမ်းသံတော်ဆင့်သို့ ပြောကြားသည် ။

PSLF အဖွဲ့မှ အထွေထွေအတွင်းရေးမှူး တာ့ဖုန်းကျော် ဦးဆောင်သည့်  ၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ မူစယ်မြို့ခရိုင်အုပ်ချုပ်ရေး ရုံး ခန်းမတွင် ၄င်းနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအချိန်ခန့်အထိ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည် ။




“ကျနော်တို့ဘက်ကတော့ ကျနော်အပါအဝင် ကိုယ်စားလှယ် ၉ ဦးပေါ့။ ရုံးအဖွဲ့ရောဆိုရင် ၁၅ ယောက် လောက် ပါတယ်။ အစိုးရ အဖွဲ့ကတော့ ဦးအောင်မင်း ဦးဆောင်တာပေါ့ သျှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ် ၊ ရမခ တိုင်းမှူး ၊ ဦး အုန်းမြင့် ၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်တွေ ၊ အမျိုးသား လွတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တယ် ” ဟု တာ့ဖုန်းကျော်က ပြောသည် ။


ဆက်လက် ညှိနှိုင်းရမည့်အချက်များကျန်ရှိနေသောကြောင့် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးခြေလှမ်းအစ ဖြစ်သည်ဟု သူကယခုကဲ့သို့ ဆက်ပြောသည် ။


“ပထမဆုံးအကြိမ်တွေ့ဆုံတဲ့ဆွေးနွေးပွဲ ဆိုတော့ နှစ်ဘက်ယုံကြည်မှုတည်ဆောက်တဲ့ အဆင့်ဘဲ ဖြစ်ပါတယ်။ ဦးအောင်မင်းတို့ ဘက်ကတော့ ပြည်နယ်အဆင့်ဆွေးနွေးပွဲမှာ ချမှတ်ထားတဲ့ အဆင့် ၄ ဆင့်အရ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ တိုက်တွန်းပါတယ်။ အဲလိုလက်မှတ်ထိုးမှပဲ နောက် ထပ်ဆောင်ရွက်လို့ရမဲ့ကိစ္စတွေကို ဆက်လက် ရှင်းလင်း ပြပါတယ်။ ဒါပေမဲ့ကျနော်တို့ဆီမှာက တိုက်ပွဲ တွေဆက်ရှိနေသေးတယ် ဆိုတော့ ထိုးလို့ မရသေးတဲ့အကြောင်း ကျနော်တို့ ဘက်က ထပ်မံရှင်းလင်း ပါတယ်” ဟုဆိုပါသည်။


နှစ်ဘက်တိုက်ပွဲများ လျှော့ချမည့်နည်းလမ်းများ၊ အပစ်ရပ်ရေးလုပ်နိုင်မည့် နည်းလမ်းများ ကို အဓိက  ဆွေးနွေး ညှိနှိုင်း ခြင်းဖြစ်ပြီး အဆင့် ၄ ဆင့်ပါ အချက်ကိုတော့ ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်းပြောပါသည်။


ဆွေးနွေးမှုကို အားရကျေနပ် ပါတယ်။ အောင်မြင်တဲ့ဆွေးနွေးမှုလို့ပြောနိုင်ပါတယ်။  ငြိမ်းချမ်းရေး အတွက် ခြေလှမ်းတစ်ရပ်လို့မြင်ပါတယ်။ ကျနော်တို့ ခြေ လှမ်းတွေ စနေပါပြီ  ” ဟု ပြောသည် ။

၎င်းဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် မွန်ပြည်သစ်ပါတီ ( MNSP) နှင့် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ RCSS/SSA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည် ။


ယခုဆွေးနွေးပွဲအတွင်း နှစ်ဘက် အခိုင်အမာ သဘောတူညီမှု ရလဒ်များ မရရှိခဲ့သော်လည်း အပစ်အခတ် ရပ်စဲနိုင်ရေး ဆက်လက် ညှိနှိုင်းနိုင်ရန် အတွက် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း သိရသည် ။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။