Thursday, August 1, 2013

ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြင်ဆင်နေချိန် TNLA အား ပြည်သူ့စစ်နှင့်အစိုးရစစ်တပ်တို့ ပစ်ခတ်တိုက်ခိုက်



တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်/ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်ဦး TNLA/PSLFနှင့် အစိုးရကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြင်ဆင်နေချိန် မြန်မာစစ်တပ်နှင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရှိရပါသည်။

ဂျူလိုင်လ ၂၅ ရက်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းကြားရှိ ကန့်ပါဖောရွာ(တရုတ်ရွာ)အနီးတွင် အင်အား ၆၀ ကျော်ရှိ ပန်းဆေးပြည်သူ့စစ်နှင့် အင်အား ၁၀၀ ကျော်ရှိ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါ သည်။

“ပန်းဆေးပြည်သူ့စစ်က တအာင်းတပ်ဖွဲ့ရဲ့ သတင်းရထားတော့ သွားစောင့်နေတယ်လေ။ ခြုံခိုတိုက် တာ။ ပန်းဆေးပြည်သူ့စစ်ဖက်က လက်နက်ကြီးနဲ့ ပစ်ထည့်တယ်။ ပစ်မှတ်လွဲပြီး ရွာထဲကျတော့ဒါ ဘဲ။”

ကန့်ပါဖောရွာထဲ လက်နက်ကြီးကျသည့်အတွက် အိမ် ၃ လုံး ပျက်စီးသွားကြောင်း၊ TNLA ဖက်မှ ၁ ဦး နှင့် ကျေးလက်ဒေသခံ ၁ ဦး ဒဏ်ရာရရှိကြောင်း ဆိုပါသည်။

ဂျူလိုင် ၂၇ ရက်နေ့ကလည်း သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်မြို့ နမ့်ဖတ်ကာရွာအနီး ၌ တအာင်းတပ်မတော် TNLA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ကချင်တပ်မတော် KIA ပူးပေါင်းတပ်ဖွဲနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မြန်မာစစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှလည်း တပ်သားတချို့ ဒဏ်ရာရရှိကြောင်း ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောပါသည်။

ဂျူလိုင် ၃၁ ရက် သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ ခရိုင်အုပ်ချုပ်ရေးခန်းမ၌ ဒုဗိုလ်မှူးကြီး တဘုန်းကျော် ဦးဆောင်သည့် TNLA/PSLF နှင့် ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဆွေးနွေးခဲ့ကြသည်။ သို့သော် နှစ်ဖက် အပစ်ခတ်ရပ်စဲရေးကိုမူ သဘောတူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။