Thursday, May 9, 2013

RCSS/SSA ၏ ၇၀၁ အခြေစိုက်ရာ နောင်မရွာအား မြန်မာအစိုးရစစ်တပ် တိုက်ခိုက်သိမ်းပိုက်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၌ ဖြစ်ပွါးသောတိုက်ပွဲမှ သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ၏ ဌာနချုပ် အခြေ စိုက်ရာ နောင်မရွာအား မြန်မာစစ်တပ်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း RCSS/SSA ကပြောပါသည်။

RCSS/SSA ၏ ၇၀၁ စစ်ဒေသမှူးက “ ကျနော်တို့အခု စခန်းကနေခွါပြီး ဖြန့်နေထားကြတယ်။ ဗမာစစ်တပ်က လက်နက် ကြီးတွေနဲ့ ထုထုပြီးရှေ့တိုးလာတော့ ကျနော်တို့ စခန်းကနေ မခွါရင် နောင်မရွာ တခုလုံးမီးလောင်ကုန်တော့မယ်။ ရွာသားတွေ အတိဒုက္ခ ရောက်ကုန်မယ်။ ဒါကြောင့်အခု  နောင်မ အထက်ပိုင်းကနေ ဆုတ်ခွါလိုက်တယ်။  သေနတ်သံတော့ မရပ်သေးပါဘူး။ တွေ့တဲ့နေရာမှာ ဆက်ပြီးချသွားမယ် ” ဟု ဆိုပါသည်။


မွန်းလွဲ ၃ နာရီဝန်းကျင်က မြန်မာအစိုးရစစ်ကြောင်း နောင်မတာရွာထဲသို့ ဝင်ရောက်နိုင်ကြောင်း၊ မန့်ဟောင်းရွာသား များအား ပေါ်တာအဖြစ် စစ်ကြောင်းကြားညှပ်၍ခေါ်ဆောင်သွားကြောင်း    နမ့်ခမ်းမြို့ခံတဦးကပြောသည်။

“ ခုန ၃ နာရီခွဲလောက်က နောင်မရွာထဲကို မြန်မာစစ်တပ်က ဝင်နေပြီ။ ရွာသားတွေကိုသူတို့စစ်ကြောင်းကြားထဲ ညှပ်ပြီး ခေါ်သွားတယ်။ စခန်းထဲကိုတော့ မဝင်သေးဘူး။ စိတ်မကောင်းဘူးဗျာ၊ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ရင်း ဒီလိုဖြစ် တယ်ဆိုတော့ တခုခုလွဲနေပြီ ” ဟု နမ့်ခမ်းမြို့ခံတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တိုက်ပွဲကြောင့် တရုတ်ပြည်သို့ ဝင်ရောက် ခိုလှုံမှုကိုလည်း မွန်းတည့်ချိန်က တရုတ်အာဏာပိုင်များက ပိတ်ပင်လိုက်ကြောင်း၊ ဒေသခံများမှာ ပြေးပေါက်မရှိဘဲ ပူပန်နေရကြောင်း အဆိုပါမြို့ခံကပြောသည်။

သိန္နီအခြေစိုက် စကခ ၁၆ လက်အောက်ခံ အင်အား ၄၀၀ နှင့် ၅၀၀ ကြား သုံး၍ RCSS ၏ ၇၀၁ အခြေစိုက်ရာ နောင်မရွာ အား  အဘက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဘက် သေကြေဒဏ်ရာရမှုများရှိခဲ့ကြောင်း မြို့ခံများ ကပြော သည်။

ဧပြီလနှောင်းပိုင်းက မြန်မာစစ်တပ်၏ လူ ၄ ဦးပျောက်ဆုံးမှုမှာ RCSS က ဖမ်းထားသည်ဟု အစိုးရစစ်ဘက်က စွပ်စွဲ၍ RCSS  တင်းခါးစခန်းအား ဝင်ရောက်ရှာဖွေ မီးရှို့ဖျက်ဆီးပစ်လိုက်ပြီးနောက်ပိုင်း စစ်အင်အားထပ်မံဖြည့်တင်းတိုက်ခိုက်ကာ ၇၀၁ စစ်ဒေသ အခြေချစခန်းကို ယနေ့ သိမ်းပိုက်သည်အထိ ဖြစ်ပွါးခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။