Monday, June 3, 2013

သမ္မတနဲ့ တွေ့ဆုံရေး ရှမ်းခေါင်းဆောင်တွေ ထိုင်းမှာဆွေးနွေး

(RFA)

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရင် ဆွေးနွေးအကြံပြုနိုင်ဖို့အတွက် RCSS ရှမ်းပြည်တပ်မတော်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေဟာ ထိုင်း၊ မြန်မာနယ်စပ်မှာ ဇွန်လ ၁ ရက်ကနေ ၂ ရက်နေ့အထိ  နှစ်ရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းတိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က RFA ကို အခုလို ပြောပါတယ်။


"ဒီ RCSS ဥက္ကဌကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာတွေ့ကြဖို့ ဖိတ်ခေါ်ထားတာရှိတယ်၊ သူအဲဒီနိုင်ငံတော်သမ္မနဲ့ သွားတွေ့တဲ့အခါကျရင် ရှမ်းလူမျိုးတွေအတွက် ရှမ်းပြည်အတွက် လူထုတွေက ဘာတွေများပြောပေးချင်သလဲ၊ လူထုရဲ့အမြင်သဘောထားကို တောင်းခံတဲ့သဘောမျိုးပါပဲ၊ ကျနော်တို့ကတော့ နိုင်ငံရေးဆွေးနွေးမှုကို စတင်စေချင်တယ်၊ ဒီအပစ်အခတ်ရပ်စဲထားပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ဘူးဆိုရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမဖြစ်နိုင်ဘူး၊ နောက်တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကလည်း တဖြေးဖြေးလျှော့လာနိုင်တယ်ပေါ့၊ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲ အရင်ဆုံးနဲ့ အမြန်ဆုံးလုပ်ဖို့ပဲ ကျနော်တို့ကတိုက်တွန်းတောင်းဆိုတာပါ"

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ပေးဖို့၊ မတရားအသင်း ဥပဒေပုဒ်မ ၁၇() ကို ဖျက်သိမ်းပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးဖို့စတဲ့အချက်တွေကို တက်ရောက်ခဲ့တဲ့ အဖွဲ့အစည်းတွေက ဆွေးနွေးအကြံပြုခဲ့တယ်လို့ သိရပါတယ်။ 

ဒီနှစ်ရက်ကြာတွေ့ဆုံပွဲကို ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ချင်းမိုင်အခြေစိုက် ရှမ်းလူမှုရေးအဖွဲ့တွေအပါအင် စုစုပေါင်း ၁၃ ဖွဲ့လောက်  တက်ရောက်ဆွေးနွေးအကြံပြုခဲ့တယ်လို့သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။