Monday, June 3, 2013

အန်အယ်လ်ဒီပါတီဝင်များကို နုတ်ထွက်ခိုင်းသည့်ကိစ္စ ပအိုဝ်းပြည်သူ့စစ် ငြင်းဆို

(DVB)

တောင်ကြီးမြို့ မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးကို ပအိုဝ်းပြည်သူ့စစ်က လက်နက်နဲ့ဝိုင်းပြီး ပါတီဝင် ၅၀ ကျော်ကို ဖိအားပေး နုတ်ထွက်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပအိုဝ်းပြည်သူ့စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာက ငြင်းဆိုလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီဝင်တွေကို နုတ်ထွက်ခိုင်းတယ်ဆိုတာ မဟုတ်ဘဲ သူတို့သဘောနဲ့ သူတို့ နုတ်ထွက်တာလို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးကြီးခွန်လာက ပြောပါတယ်။


“အတင်းအကျပ်နုတ်ထွက်ခိုင်းတာမရှိပါဘူး။ သူ့ဘာသာ နုတ်ထွက်တာပါ။ ကာကယံရှင်ကိုယ်တိုင် ဒီနေ့ ပါပါတယ်၊ ကျေးရွာလူကြီးတွေလည်း ပါတယ်၊ ဒီနေ့ သတင်းထောက်တွေလည်းမေးတယ်။ ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တောင်ကြီးခရိုင်ဥက္ကဋ္ဌ ကိုတင်မောင်တိုးကတော့ ပါတီဝင်တွေကိုကြိုးတုပ်ပြီး အတင်းအကျပ်နုတ်ထွက်ခိုင်းကြောင်း၊ နုတ်ထွက်ခဲ့တဲ့ ပါတီဝင် ၅၇ ယောက်လုံး သက်သေရှိတယ်လို့ ပြောပါတယ်။

“ဖိအားမပေးဘဲ ၂-၃ ရက် ကြိုးတုပ်ထားပြီး လက်မှတ်ထိုးခိုင်းတာလေ။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း တင်ထားတယ်။ ဒီအဖြစ်အပျက်က အန်တီစု လက်ထဲရောက်နေပြီ။”

ဗိုလ်မှူးကြီးခွန်လာက ကာယကံရှင်တွေကိုလည်းခေါ်ယူပြီး မေးမြန်းစေတယ်လို့ ဆိုရာမှာ ခြိမ်းခြောက်ဖမ်းဆီးခံရတဲ့သူတွေမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အန်အယ်လ်ဒီကျေးရွာရုံးကို လက်နက်နဲ့ဝိုင်းတာမဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အတိုင်း ကင်းချတာသာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးခွန်လာက ပြောပါတယ်။

ရွာသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ကိစ္စကိုလည်း မပြောသင့် မပြောအပ်တာတွေ ပြောတဲ့အတွက် ခဏထိန်းသိမ်းတာလို့ ပြောပါတယ်။

“စစ်ရေးသဘောအရ ကင်းတိုကင်းရှည်ထုတ်တယ်။ လုံခြုံရေးအရ သွားလာနေတယ်။ သဘောက အိမ်တအိမ်၊ ရုံးတရုံးကို၊ စခန်းကို ၀ိုင်းတယ်ဆိုရင် ၀ိုင်းပြီးအထဲကို ၀င်မှာပေါ့။ အခုက ရုံးထဲခြေတောင်မချဘူး။ ပုံမှန်အတိုင်း ကင်းတိုကင်းရှည်ချတယ်၊ လုံခြုံရေးအရ ကျေးရွာထဲ လှည့်လှည်တာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုပ်ရိုးလုပ်စဉ်ပါ၊ သွားလာနေတာပါ။ ခဏထိန်းသိမ်းပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ပြန်အပ်ပါတယ်။ ချက်ချင်း ပြန်လွှတ်ပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီကရော ပအိုဝ်းပြည်သူ့စစ်ကပါ ရွေးကောက်ပွဲကော်မရှင်ကို စာတင်ထားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။